25 C
Yangon

မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ “အတုအယောင်” ဖြစ်၍ ကမ္ဘာ့နိုင်ငံများက ပယ်ချရန် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ ထပ်မံတိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ “အတုအယောင်” ဖြစ်လို့ ကမ္ဘာ့နိုင်ငံများက ပယ်ချသင့်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးကျင်းပပြီး ပြီးစီးသွားတော့မယ် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကမ္ဘာ့နိုင်ငံတွေက လုံးဝလက်မခံသင့်ကြောင်း၊ ဒီရွေးကောက်ပွဲက စစ်အာဏာ ဆက်ထိန်းထားဖို့ စီစဉ်ထားတဲ့ “အတုအယောင် ရွေးကောက်ပွဲ” တစ်ခုသာ ဖြစ်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ပြောဆိုပါတယ်။

ဒီရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ကိုယ်စားပြုတာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီဘက်တော်သား ပါတီတွေကို ဖယ်ရှားထားကြောင်း၊ အတိုက်အခံတွေကို ဖမ်းဆီး၊ သတင်းမီဒီယာတွေကို ပိတ်ပင်ထားတဲ့ အခြေအနေမှာ ကျင်းပတဲ့ ရွေးကောက်ပွဲက တရားမျှတမယ်လို့ မထင်ဘူးလို့ သူက ပြောပါတယ်။

တချို့ဒေသတွေမှာတော့ စစ်တပ်က ဗုံးကျဲနေချိန်မှာပဲ ပြည်သူတွေကို မဲဆန္ဒပေးဖို့ မဲရုံတွေအထိရောက်အောင် အတင်းအကျပ် ခေါ်သွားတာတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်ကို လက်ခံလိုက်မယ်ဆိုရင် စစ်အာဏာကို တရားဝင်အသိအမှတ်ပြုသလို ဖြစ်သွားမယ်လို့ Tom Andrews က သတိပေးပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေးတွေ မပံ့ပိုးတော့ဘဲ ဖိအားပေးသင့်တယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ သတ္တိရှိရှိ ရပ် တည်နေကြပြီး သူတို့ရဲ့ အနာဂတ်ကို စစ်တပ်က စီမံထားတဲ့ ရွေးကောက်ပွဲမဟုတ်ဘဲ ကိုယ့်ဆန္ဒနဲ့ ကိုယ်ဆုံးဖြတ်ခွင့်ရသင့်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

“စစ်အစိုးရက သူ့မိတ်ဖက်ပါတီတွေ အနိုင်ရအောင် အစစအရာရာ စီမံထားတာပါ။ အရေးပါတဲ့ အတိုက်အခံပါတီတွေကို ပိတ်ပင်ထားပြီး၊ လူကြိုက်များတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ချ၊ သတင်းမီဒီယာတွေကို ပိတ်ပင်၊ ပြည်သူတွေကို ကြောက်ရွံ့စေပြီး မလိုလားအပ်ပဲ မဲပေးစေခဲ့ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ မှာ အသာစီးရနေပါတယ်။

“စစ်အာဏာရှင်ကို အရပ်သားအဝတ်အစားလဲပြီး လက်ခံစေချင်တဲ့ ကြိုးပမ်းမှုကို ကမ္ဘာ့အစိုးရတွေ လုံးဝခွင့်မပြုသင့်ပါဘူး” လို့ သူက ထပ်လောင်းပြောပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ မဲမပေးရင်၊ ဒါမှမဟုတ် ရွေးကောက်ပွဲကို ဝေဖန်ရင် ထောင် ဒဏ်၊ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှုတွေ ခံရနိုင်လို့ ကြောက်ရွံ့နေကြရတယ်လို့လည်း ဆိုပါတယ်။

“ဒီရွေးကောက်ပွဲရလဒ်ကို လက်ခံမယ့် နိုင်ငံတွေဟာ စစ်အာဏာရှင်ကို ထောက်ခံရာရောက်သွားမှာဖြစ်ပြီး မြန်မာအရေးကို ပိုဆိုးစေမယ်။ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ အလွန်အမင်း သတ္တိရှိကြောင်း ပြသထားပြီးသားပါ။ သူတို့ရဲ့ အနာဂတ်ကို စစ်တပ်က စီမံထားတဲ့ အတုအယောင်စနစ်မဟုတ်ဘဲ ပြည်သူ့ဆန္ဒနဲ့ ဆုံးဖြတ်ခွင့်ရသင့်ပါတယ်” လို့ သူက ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article