ရန်ကုန်၊ ဇန်နဝါရီ ၂၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မဲရုံနေရာများနှင့် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မလှိုင်မြို့နယ်အတွင်းရှိ မဲရုံနေရာများတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင် မဲရုံစောင့်နေသော အကြမ်းဖက် စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မဲရုံအတွင်းရှိ အကြမ်းဖက် စစ်တပ် ဒေါက်တိုင်များလည်း ထိခိုက်မှုရှိကြောင်း သိရသည်။
အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီနှင့် ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မလှိုင်မြို့ နယ်၊ သန့်အိုင်ကျေးရွာ ဘုရားကြီးအနီးတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး အရေအတွက်ကို ဆက်လက်အတည်ပြုနေဆဲဖြစ်ကြောင်း သိရသည်။
“မလှိုင်မဲရုံမှာစောင့်နေတဲ့ စစ်ခွေးတွေကို မဟာမိတ်ပူးပေါင်းအဖွဲ့ မလှိုင်အဖွဲ့အစည်းက ဦးဆောင်ပြီးတာ့ ကျနော်တို့ ရင်း ၃ က ဒရုန်းအဖွဲ့နဲ့ မဲရုံကို ဗုံးချခဲ့တယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ ၁ နာရီ ၃၀ မိနစ်အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးချတာတော့ မဲရုံစောင့်တွေက စစ်ခွေးတွေထဲက ခွေး ၂ ကောင်ပွဲချင်းပြီး။ ချတာက မဲရုံကို ကွတ်တိချနိုင်တာဆိုတော့။ မဲရုံထဲက ဆရာ၊ ဆရာမတွေလည်း ထိတယ်လို့ကြားတယ်၊ အသေပျောက်တော့မရှိပါဘူး။ ဇန်နဝါရီလ ၁၉ ရက်နေ့က မလှိုင်မြို့ သန့်အိုင်ကျေးရွာက ဘုရားကြီးနားမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို ဒရုန်းနဲ့ ဗုံးသီးချတာ ထိခိုက်မှုတွေရှိတယ်။ နံနက် ၁၀ နာရီကလောက် တစ်ကြိမ် ညနေ ၅ နာရီခွဲလောက်က တစ်ကြိမ် ၂ ကြိမ်ချတာ စစ်ခွေးဘက် ထိခိုက်မှုတွေက အများပြားရှိတယ်။ အရေတွက်ကိုတော့ စီစစ်ဆဲပါ။ ဒရုန်း ၁ စီးနဲ့ပဲ ၁၉ ရက်က ၂ ခေါက်နဲ့ ၂၅ ရက်နေ့က ၁ ခေါက်ချတာ စစ်ခွေး ၂ ကောင်သေတာ အတည်ပြုနိုင်တယ်” ဟု မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုများကို မဟာမိတ်ပူးပေါင်းအဖွဲ့ မလှိုင်အဖွဲ့အစည်းက ဦးဆောင်ပြီး မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




