ရန်ကုန်၊ ဇန်နဝါရီ ၂၆
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ စစ်တပ်မဲရုံနှင့် ကင်းပုန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်မှ စတင်ပြီး တောင်သာမြို့ပေါ်ရှိ စစ်တပ် မဲရုံနှင့် ရုံးစည်ကြီးရွာအနီးရှိ စစ်တပ် ကင်းပုန်းများကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၂ စီးဖြင့် သံဘိုရွာ၊ သားပေါင်းဂိတ်နှင့် ရုံးစည်ကြီးရွာ အနီးတဝိုက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရှိရသည်။
“အကြမ်းဖက် စစ်တပ်ကလုပ်တဲ့ အတုယောင်ရွေးကောက်ပွဲကို ပြည်သူတွေရော ကျနော်တို့ရော လက်မခံနိုင်တဲ့အတွက် ဟန့်တား တိုက်ခိုက်တာပေါ့။ ရုံးစည်ကြီးစခန်းနဲ့ စခန်းအနီးတဝိုက်မှာလည်း ကင်းပုန်းတွေကို လက်လုပ် လက်နက်ကြီး ၄ လုံးနဲ့ လက်နက်ငယ်နဲ့ရော ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ခွေးတွေက ပါရာမော်တာ ၂ စီးနဲ့ ပြည်သူတွေရှိတဲ့ သံဘိုရွာဘက်ကိုလာပြီး ကျဲသွားတယ်။ သားပေါင်းဂိတ်နဲ့ ရုံးစည်ကြီးရွာတဝိုက်ကိုလည်း ကျဲသွားတယ်။ အဲလိုဗုံးလာကျဲတာ စစ်ခွေးတွေထိခိုက်မှုရှိလို့ ဗုံးကျဲတာပါ” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။
အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းစစ်တပ်စခန်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း စစ်တပ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များကို လက်နက်ကြီး ၁၀ လုံးကျော်ဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“အနန်းကွင်းစစ်ခွေး စခန်း ၂ ရက်ဆက် လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်။ စစ်ခွေးစခန်းထဲကို လက်နက်ကြီးတွေ အကုန်လုံးကျရောက်ပေါက်ကွဲတယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အရေအတွက်က အတိအကျတော့ ကျနော်တို့လည်း မသိဘူး” ဟု ဒေသတွင်း သတင်ရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ – NUG အစိုးရ တောင်ပိုင်းတိုင်း စစ်ဒေသ အမှတ် ၃ ရှိ စစ်ကြောင်းများ ပူးပေါင်းပြီး လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှုသင်တန်း ပြုလုပ်နေစဉ် (ပုံအဟောင်းဖြစ်သည်)




