ရန်ကုန်၊ ဇန်နဝါရီ ၂၇
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဆေးခန်း ၂ ခုကို စစ်တပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူနာအမျိုးသမီး ၁ ဦး သွေးလန့်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာဆေးပေးခန်းကို အကြမ်းဖက်စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးကုသမှုခံယူနေသည့် လူနာအမျိုး သမီးတစ်ဦးသွေးလန့်ကာ နှလုံးဖောက်သေဆုံးသွားကြောင်း၊ ထို့အပြင် ဆေးခန်းလည်းထိခိုက် ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
“အကြမ်းဖက်စစ်တပ်က ဇန်နဝါရီ ၂၅ ရက်နေ့ည ၈ နာရီလောက်မှာ အင်းတော်ကြီးဖားကန့်တဝိုက် ကို ဂျက်ဖိုက်တာနဲ့ ပျံသွားတယ်၊ ဒါပေမယ့် အဲဒီည ၈ နာရီလောက်က လေ ကြောင်းတိုက်ခိုက်မှု ဘာ မှ မလုပ်သွားဘူး။ ဒါပေမယ့် ဇန်နဝါရီလ ၂၆ ရက် မနက် ၁ နာရီ လောက်မှာ အင်းတော်ကြီးဒေသ၊ ချောင်းဝကျေးရွာ ဆေးပေးခန်းကို အသေခံဒရုန်းနဲ့ ဗုံးလာ ကျဲသွားတာ။ အဲလိုဗုံးကျဲသွားလို့ ဆေးခန်း ထိခိုက်ပျက်စီးတာရှိတယ်။ ပြီးတော့ ဆေး ရုံတက် ရောက်ကုသမှုခံယူနေတဲ့ လူနာအမျိုး အမျိုးသမီး တစ်ယောက် ဗုံးကွဲသံကြားတာကို လန့်ပြီး နှလုံးဖောက်ပြီးတော့ အမျိုးသမီးတစ်ယောက်ဆုံးတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အလားတူ ဇန်နဝါရီလ ၂၆ ရက် နံနက်အစောပိုင်း ၁ နာရီခန့်တွင် အင်းတော်ကြီးဒေသ၊ တုံပင်ကျေး ရွာရှိ ဆေးခန်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူထိခိုက်မှုမရှိ ခဲ့သော်လည်း ဆေးခန်းပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ အရှေ့ဘက်ကမ်းရှိ KIA ၊ KPDF တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဟဲပါးကျေးရွာဘက်သို့ အကြမ်းဖက်စစ်တပ်၊ SNA ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး လေကြောင်းဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီဇင်ဘာ ၂၀ ရက်နေ့လောက်ကနေစပြီးတော့ အင်းတော်ကြီးဒေသ အရှေ့ဘက်ကမ်း ဟဲပါးကျေးရွာ ဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတာ။ လက်အောက်ခံ ရှမ်းနီပြည်သူ့စစ် (SNA) တွေပူး ပေါင်းပြီးတော့ လေကြောင်းလည်းတိုက်ခိုက်တယ်။ ဒရုန်းတွေနဲ့လည်းတိုက်ခိုက်တယ်။ ပြီးရင် မြေ ပြင်ကနေ စစ်ကြောင်းထိုးလတာ။ KIA ၊ KPDF တပ်တွေ တပ်စွဲထားတဲ့ဘက်ကို စစ်ကြောင်းထိုး လာ လို့ အင်းတော်ကြီးအရှေ့ဘက်ကမ်းမှာတိုက်ပွဲဖြစ်နေတာ၊ စစ်ကောင်စီနဲ့SNA ဘက် ထိခိုက်သေဆုံး တာများ နေတယ်။ များတဲ့အတွက် လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် လောက်တိုက်ခိုက် သွားတယ်။ အင်းတောကြီးအရှေ့ဘက်ကမ်းမှာ တိုက်ပွဲတွေဖြစ်နေတယ်။” ဟု KIA စစ်ရေးသတင်း ရင်းမြစ်က ရှင်းပြသည်။




