ကိုကိုလှိုင်ထောက်ခံပွဲနှင့် ဂမ်ဘီယာကို ရှုတ်ချပွဲများ တစ်နိုင်ငံလုံး လုပ်မည်ဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၂၇
အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းထားသည့် ကာလတစ်လျှောက်လုံး အလုပ်မရှိခဲ့သည့် သင်္ကန်းဝတ် သုစိတ္တနှင့် အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ် အပါ အဝင် မဘသနှင့်အမျိုးသားရေးအစွန်းရောက်များမှာ ICJ နှင့်ဂမ်ဘီယာအကြောင်းပြ၍ ရန်ကုန်မြို့လယ်ခေါင် လမ်းပေါ် ပြန်ထွက်လာကြသည်။
ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံရှေ့ ကားပါကင်တွင် လူဦးရေ ၃၀၀ ခန့် စုဝေး၍ ဂမ်ဘီယာရှုတ်ချပွဲနှင့် ကိုကိုလှိုင်အဖွဲ့ကို ထောက်ခံပွဲပြုလုပ်ခဲ့ပြီး သင်္ကန်းဝတ် သုစိတ္တနှင့် အမျိုးသားရေးအစွန်းရောက် အမည်ခံ ဝင်းကိုကိုလတ်တို့က ဦးဆောင်ဟောပြောခဲ့ကြသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ ဆိုသော မဘသ အဖွဲ့ကို ဦးဆောင်နေသည့် သင်္ကန်း ဝတ် သုစိတ္တက ရင်ထဲရှိသည့်အတိုင်း ပေါက်ကွဲချင်သော်လည်း စစ်တပ်က တားမြစ်ချက်များ ထုတ်ထား၍ ပေါက်ကွဲမရကြောင်း ယနေ့ပွဲတွင် ထုတ်ဖော်ပြောဆိုသည်
“လက်သည်းစိတ်ရင် လက်ထိပ်နာတယ်။ ဦးဇင်းတို့က ရင်ထဲရှိတဲ့အတိုင်း ပေါက်ကွဲချင်တယ်။ ဒီအချိန်က အရေးကြီးတဲ့အချိန်ဖြစ်တဲ့အတွက် ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့မရဘူး။ ဒီပွဲကြီးတွေ အစည်းအဝေးထိုင်တဲ့အခါ အစိုးရက ညွှန်ကြားချက်တွေ ထွက်ထားတယ်” ဟု သုစိတ္တက ဆိုသည်။
အလားတူ အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ်ကလည်း မော်လမြိုင်၊ ဘိုက လေးနှင့် တစ်နိုင်ငံလုံးတွင် ကိုကိုလှိုင်နှင့်အဖွဲ့ကို ထောက်ခံပွဲများနှင့် ဂမ်ဘီယာ ရှုတ်ချပွဲများ ပြုလုပ်ကြမည်ဟု သိရှိရကြောင်း၊ ထောက်ခံပွဲများတွင် စစ်တပ်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရကြောင်း ပြောဆိုသွားသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ နှင့် တရားသူကြီးများကို ဝေဖန်ပုတ်ခြင်းမပြုရန် ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့သည်။
ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စား သွားရောက်ဖြေရှင်းနေသည့် ကိုကိုလှိုင်ဦးဆောင်သော Agent of Myanmar အဖွဲ့ကို မြေပြင်ထောက်ခံပွဲများပြုလုပ်ရာတွင် တရားရင်ဆိုင်ဆဲကာလဖြစ်၍ ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘော ရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ ရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ် ပြုလုပ်ခြင်းများမပြုလုပ်ကြရန် ၊တိုင်းရင်းသား အမျိုးအမည်တွင် မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကား (Hate Speech) များ မ
ပြုလုပ်ကြရန် စစ်တပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ထောက်ခံပွဲများတွင် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထား ခိုင်လုံစွာဖြင့် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေရသော Agent of Myanmar အဖွဲ့ကို ထောက်ခံကြောင်းသာ ရေးသားပြောဆိုကြပါရန် စစ်တပ်က ညွှန်ကြားထားသည်။
အပြည်ပြည်ဆိုင်ရာ တရားရုံး -ICJ တွင် မြန်မာနိုင်ငံက လူမျိုးပြုန်းစေမှု ကာကွယ်ရေးဆိုင်ရာ စာချုပ်ပါ တာဝန်တ္တရာများအရ ရိုဟင်ဂျာများကို ကျူးလွန်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်သည့် လုပ်ရပ်များကို တားဆီး ရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားရာ ယင်းအမှုနှင့်ပတ် သက်၍ ယခုဇန်နဝါရီလအတွင်း နှစ်ဖက် ကြားနာ စစ်ဆေးမှုများ ICJ က ပြုလုပ်လျက်ရှိသည်။






