ရန်ကုန်၊ ဇန်နဝါရီ ၂၇
မကွေးအကျဉ်းထောင်တွင် တာဝန်ကျနေသော ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသားများအပေါ် လက်နက်အားကိုးဖြင့် စနစ်တကျ ရိုက်နှက် နှိပ်စက်ခြင်း၊ မိသားစုထံမှ ပေးပို့သည့် ပစ္စည်းများကို အဓမ္မသိမ်းယူဆောင်ခြင်းနှင့် အကျဉ်းသား အခွင့်အရေးများ ပိတ်ပင်ခြင်းတို့ကို ဗြောင်ကျကျ ကျူးလွန်နေကြောင်း မကွေးထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မကွေးထောင်ပိုင်ကြီး အောင်ခိုင်ဖြိုး၊ ထောင်မှူးကြီး အောင်နိုင်ဦး၊ ထောင်မှူး အောင်ရွှေနှင့် ဒုထောင်မှူး ကောင်းမြတ်အောင် အပါအဝင် အကျဉ်းဝန်ထမ်းများသည် အကျဉ်းသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ တုတ်များဖြင့် ထိုးကြိတ်ခြင်းနှင့် ကန်ကြောက်ခြင်းများ ပြုလုပ်နေသည့်အပြင် အကျဉ်းသားများ၏ မိသားစုဝင်များက ခက်ခက်ခဲခဲ ပေးပို့ရသည့် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း အပြည့်အဝမပေးဘဲ ဝန်ထမ်းများက ကိုယ်ကျိုးအတွက် သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးပစ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
“နိုင်ကျဉ်းတွေကို ပန်းကန်ဆေးခိုင်းတာ၊ မိလ္လာပုံးဆွဲခိုင်းတာ၊ တောင်ယာအလုပ်တွေကိုအတင်းအကျပ်အနိုင့်အထက် ခြိမ်းခြောက်လုပ်ခိုင်းတယ်။ နိုင်ကျဉ်းတွေက ဆန္ဒပြတော့ခြေချင်းခတ်၊ ခေါင်းစွပ်စွပ်ပြီး အကျဉ်းသားလူမိုက်တွကို ရိုက်နှက်ခိုင်းပြီး တိုက်ပိတ်တယ်။ ပြစ်ဒဏ်တိုက်အဆောင်မှူး အောင်ရွှေဆို ထောင်မှူး နိုင်ကျဉ်းတွေကို ဝမ်းလျားမှောက်ခိုင်းပြီး တုတ်နဲ့ရိုက်တာတွေ၊ မိသားစုနဲ့ အဆက်ဖြတ်တာ၊ ထောင်ဝင်စာပိတ်တာတွေ လုပ်တယ်”ဟု မကွေးထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့ပြင် အကျဉ်းထောင်အတွင်း နေထိုင်မှု အခြေအနေမှာလည်း အလွန်ဆိုးဝါးနေပြီး သတ်မှတ်လူဦးရေထက် များစွာပိုမိုသော အကျဉ်းသားများကို အခန်းကျဉ်းများအတွင်း စုပြုံထည့်ထားခြင်း၊ ရေချိုးချိန်နှင့် အိမ်သာတက်ချိန်များကို အလွန်အမင်း ကန့်သတ်ထားခြင်းတို့ကြောင့် အကျဉ်းသားများတွင် အရေပြားရောဂါများ ခံစားနေရကြောင်း သိရှိရသည်။
နာမကျန်းဖြစ်နေသည့် အကျဉ်းသားများကိုလည်း လုံလောက်သော ဆေးကုသခွင့် မပေးဘဲ ပစ်ထားခြင်းကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေများ ရှိနေကြောင်း မကွေးထောင်နှင့် နီးစပ်သူများထံမှ သိရှိရသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအနေဖြင့် မကွေးအကျဉ်းထောင်အတွင်းသို့ ဝင်ရောက်စစ်ဆေးပေးရန်နှင့် ကျူးလွန်သူ ထောင်အာဏာပိုင်များကို ထိရောက်စွာ အရေးယူပေးရန် အကျဉ်းသားအရေးလှုပ်ရှားသူများက တောင်းဆိုထားသည်။




