ရန်ကုန်၊ ဖေဖော်ဝါရီ ၂
မလေးရှားနိုင်ငံအတွင် အာဏာပိုင်များက ဇန်နဝါရီလကုန်ပိုင်းအတွင်း တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသား ၂၀၀ နီးပါးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းဌာနများ၏ ဖော်ပြချက်နှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ ပြောဆိုချက်အရ သိရသည်။
ဇန်နဝါရီလကုန်ပိုင်းမှ စတင်ပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံတွင်းရှိ ဂျိုဟိုးပြည်နယ်၊ ဆလန်ဂေါပြည်နယ်၊ ကွာလာလမ်ပူမြို့များတွင် တရားမဝင် နိုင်ငံခြားသားများနေထိုင်သော တိုက်ခန်းများ၊ အဆောင်များနှင့် ဈေးဆိုင်များကို ဆက်လက်ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂၉ ရက်နေ့ ညပိုင်းတွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ညပိုင်း စစ်ဆင်ရေး အဖြစ် အပူချိန် အာရုံခံစားနိုင်သော Thermal Camera ပါဒရုန်း များဖြင့်ပါ တရားမဝင် နိုင်ငံခြားသားများကို ရှာဖွေဖမ်း ဆီးခဲ့ရာ အဆောက်အအုံခေါင်မိုးပေါ် ပုန်းနေသည့် နိုင်ငံခြားသား ၂၁၈ ဦးကို ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသား ၇၈ ဦး ပါဝင်ကြောင်း၊ အဆိုပါ စစ်ဆင်ရေးကို Jalan Emas ရှိ Taman Emas ဒေသတွင် ပြုလုပ်ခဲ့ပြီး လေးထပ်ဆိုင်ခန်း အမိုးပေါ်တွင် ပုန်းနေသူများကို ဒရုန်းက လူ၏ အပူချိန်ကို ရှာဖွေအာရုံခံမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ကပုန်းနှင့် အမန်ပူရီတွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထပ်မံ ဝင်ရောက် စီးနင်းပြီး တရားမဝင် လာရောက်နေထိုင်သော နိုင်ငံခြား ၁၄၆ ဦး ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသား ၆၄ ဦးလည်း ပါဝင်ကြောင်း၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင်လည်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဂျိုဟိုးပြည်နယ်၊ စီနိုင်းနယ်မြေရှိ ဆိုင်ခန်းများ ကို ထပ်မံဝင်ရောက် စီးနင်းခဲ့ပြီး တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသား ၃၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဝင်ရောက်ဖမ်းဆီးသော နေရာများသည် တရားမဝင် နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက် နေထိုင်သော နေရာများဖြစ်ပြီး သတင်းပေး တိုင်ကြားချက်များကြောင့် ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း မလေးရှားသတင်းဌာနများက ဖော်ပြထားသည်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက တရားမဝင် လာရောက်နေထိုင်သော မြန်မာနိုင်ငံသားများကို ဆက်တိုက် ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းကြောင့် နေထိုင်စားသောက်ရေး ခက်ခဲသူပိုမိုများပြားလာကြောင်း မလေရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများက ပြောဆိုသည်။






