24 C
Yangon

စဉ့်ကူးမြို့နယ်တွင် သဲအင်ရွာသား ကိုနိုင်မင်းကို စစ်တပ်က ပစ်သတ်၊ ဝက်လက်တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင်စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက်စီးနင်းနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် သဲအင်ရွာသား ကိုနိုင်မင်းကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီး ပစ်သတ်ခဲ့ကြောင်း စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်း သဲအင်ရွာကိုရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာ ဘုန်ကြီးကျောင်းထဲ၌ ဝင်ရောက် တပ်စွဲပြီး အသက် ၅၂ နှစ်အရွယ် ကိုနိုင်မင်းကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးသတ်ဖြတ်ခံရသော ကိုနိုင်မင်းသည် သဲအင်းကျေးရွာသား ဖြစ်ပြီး စစ်တပ်က ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသွားသော ကိုနိုင်မင်း၏ ရုပ်အလောင်းကိုလည်း စစ်သားများက သဲအင်းရွာ သင်္ချိုင်းအနီး ထားခဲ့ကြောင်း သိရှိရသည်။

” ၃၀ရက်နေ့က စစ်ခွေး စစ်ကြောင်းက ရွာထဲကို ဝင်ရောက်လာတုန်း ပစ်သတ်ခဲ့တာလို့ သိရတယ်။ သတ်ဖြတ်ခံရသူက အသက် ၅၂ နှစ်အရွယ် ကိုနိုင်မင်းလို့ သိရတယ်။ စစ်ခွေးတွေက အကြောင်းမဲ့ သတ်ဖြတ်သွားတာပါ” ဟု စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းများက ကျေးရွာများကို ဝင်ရောက် စီးနင်းနေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၄ နဦရီ ၂၂ မိနစ်ခန့်တွင် ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ရှားကွဲရွာကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော J-Fighter ၁ စီး က ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထို့ပြင် ရွှေဘိုမြို့နယ်၊ မခေါက်ပျူစောထီးရွာနှင့် ကျောက်မြောင်း ခမရ ၁၂ ဘက်မှလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်းရှိ ထုံးဘိုရွာကို စစ်ကြောင်းထိုးဝင်ရောက်နေပြီး အသေခံဒရုန်းများ၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရသည်။

“ရှားကွဲရွာကို စစ်ခွေးတွေ က ဒီနေ့ လေယာဉ်ဖြင့် ဗုံးကျဲ သွားတာ ၂ ကြိမ်ကျဲတယ်။ ပြည်သူတွေ ထိခိုက်မှုရှိ၊မရှိကတော့ အတည်မပြုနိုင်သေးဘူး။ ရှားကွဲရွာက စစ်ခွေးစစ်ကြောင်းကြောင့် စစ်ရှောင်နေရတဲ့ ရွာဆိုတော့ ပြည်သူတွေ ထိခိုက်မှုမရှိလောက်ဘူးလို့ ခန့်မှန်းရတယ်။ နောက်ပြီး မြေပြင် စစ်ခွေးစစ်ကြောင်းကလည်း ထုံးဘိုရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

ဓာတ်ပုံ – မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article