ရန်ကုန်၊ ဖေဖော်ဝါရီ ၃
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ရဲစခန်းနှင့် ထွေ/အုပ်ရုံး တို့ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် နာဂ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် ငါန်းဇွန်မြို့ပေါ်မှ ထွက်လာသော အင်အား ၃၀၀ ကျော်ပါ စစ်ကြောင်းသည် စစ်ကြောင်း ၂ ခုခွဲ၍ ဆပ်ပြာကျင်းရွာထဲကို ဝင်ရောက်လာကြောင်း၊ ထိုစစ်ကြောင်းကို TGYR မြင်းခြံခရိုင် တပ်ဖွဲ့ ၊ တပ်ရင်း ၁၁ ၊ ငါန်းဇွန်မြို့နယ် ပလဖ ၊ မန္တလေးခရိုင်း တပ်ရင်း ၅နှင့် ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့မှ ရဲဘော်များက ၂ နာရီကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် ၃ ဦး ပွဲချင်းပြီးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၃၇ မိနစ်ခန့်တွင် ငါန်းဇွန်မြို့၌ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ရဲစခန်းနှင့် ထွေ/အုပ်ရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“၂၄ ရက်နေ့က ငါန်းဇွန်မြို့ ကနေ ခွေးအင်းအား ၃၀၀ ပါ စစ်ကြောင်းက စစ်ကြောင်း ၂ ခုခွဲပြီး ဆပ်ပြာကျင်းရွာကို ဝင်ရောက် စီးနင်းလို့ နံနက် ၉ နာရီကျော်ကစပြီး ထိတွေ့ တိုက်ပွဲဖြစ်တာ တိုက်ပွဲ ၂ နာရီကျော် ကြာတယ်။ အဲ့တိုက်ပွဲမှာ ကျနော်တို့ မျက်မြင် စစ်ခွေး ၃ ကောင်သေပြီး ၅ ကောင် ဒဏ်ရာရတယ်။ ကျနော်တို့ ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့ကလည်း ရဲဘော် ၂ ဦး မြင့်မြတ်စွာကျဆုံးတယ်။ အဲ့နေညမှာပဲ ကျနော်တို့ ကျဆုံး ရဲဘော် ၂ ဦးအတွက် လက်စားချေတဲ့အနေနဲ ငါန်းဇွန်ရဲစခန်းနဲ့ ထွေ/အုပ်ရုံးကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ တစ်လုံးက ရဲစခန်းအတွင်းကျပြီး တစ်လုံးကတော့ လက်နက်တိုက် အတွင်းကျတယ်။ အတွင်းဖရဲသီး သတင်းအရ သိရတာတော့ ဗိုလ်အဆင့်ရှိတဲ့ ကောင် ၁ ကောင်အပါအဝင် စစ်ခွေး ၇ ကောင်သေဆုံးတယ်” ဟု ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့မှ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် နာဂ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပလဖ ၊ ပြည်တော်ဝင်ပျောက်ကြားအဖွဲ့ ၊ MMU people Defense Force ၊ S M K Group ၊ Scorpion Commando local pdf နှင့် နယူးဖိုက်တာ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။




