31 C
Yangon

မင်းကင်းနှင့် ပေါက်မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းများကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် SRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် မင်းကင်းမြို့နယ်၊ ကံကျေးရွာမှ ထွက်လာသော စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်းထားသည့် စစ်ကြောင်းသည် SRF တပ်ဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပြီး ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ကလည်း မင်းကင်းမြို့နယ် ကံကျေးရွာနှင့် တောင်ယာတောကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းမှ ပျဥ်းပင်မော်ရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် SRF တပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ စစ်ကြောင်းတစ်ခုလုံး ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့ပြင် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော Gyrocopter ၂ စီးသည် မုန်ဒင်းကျေးရွာအတွင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းတော့ အတည်မပြုနိုင်သေးပါဘူး။ စစ်ခွေးသေတာကို မျက်မြင်မတွေ့ခဲ့ရဘူးလို့” ဟု ကျောင်းသားတော်လှန်ရေးတပ်တော် SRF မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်သည် မင်းကင်းမြို့နယ် အတွင်း ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာပင် ၂ ကြိမ်မြောက် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) အနေဖြင့် ပြည်သူလူထုထံ ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးကိုမဆို တတ်စွမ်းသမျှ ပြည်သူနှင့်အတူ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးပြောဆိုထားသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်တောင်ပိုင်းရှိ ပျူစောထီးရွာများသို့ ဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ထို စစ်ကြောင်းသည် တပ်ကုန်းပျူစောထီးရွာမှ တဆင့် ထန်းတောလည်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင်း၊ ထိုသို့ စစ်ကြောင်း ဝင်ရောက်လာသည်ကို ပြည်သူများထံ သွားရောက် အသိပေးသည့် အသက် ၂၁ နှစ်အရွယ် PDF ရဲဘော် ဟိန်းထက်နှင့် စမ်းရေခုံကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ပြည်သူ မောင်ဝေဖြိုးပိုင်တို့သည် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် တပ်ကုန်းပျူစောထီးရွာမှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ပေါက်မြို့နယ် ပကဖ တို့ ထန်းတောလည်ကျေးရွာအနီး ၅ နာရီ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဇန်နဝါရီ ၂၃ ရက်နေ့တွင် ထန်းတောလည်ရွာရှိ ပြည်သူပိုင်ပစ္စည်းများကို လုယက်ယူဆောင်ကာ တပ်ကုန်းပျူစောထီးရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း တပ်ကုန်းပျူရွာမှ သဲတောယာတောင်စုကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၃၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄ ဦးခန့် ထပ်မံဒဏ်ရာရရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင် စစ်ကြောင်းသည် တပ်ကုန်းပျူရွာသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ပေါက် – ပကဖ၊ မြိုင် -ပကဖ ၊ ပခုက္ကူခရိုင် အမှတ် ၁ ၊ ၅ ၊ ၁၁ ၊၁၂ ၊ ၁၈ တပ်ရင်းများ နှင့် Young Revolution Front အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article