ရန်ကုန်၊ ဖေဖော်ဝါရီ ၄
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ရာ ညီအစ်မ ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အမျိုးသား ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေ ပြည် သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ချောင်းဦးမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၌ အထိုင်ချတပ်စွဲထားသော စစ်တပ်က ရှမ်းထူးကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရှမ်းထူးကျေး ရွာ စာသင်ကျောင်းအနီးရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၅၅ နှစ် အရွယ် ဒေါ်သိန်းမြ နှင့် အသက် ၅၀ အရွယ် ဒေါ်ထွေးထွေးတို့ ညီအစ်မ ၂ ဦးစလုံး ပွဲချင်းပြီး သေ ဆုံးကာ အမျိုးသား ၁ ဦးလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ချောင်းဦးထွေအုပ်ရုံး အထိုင်စခန်းကနေပစ်တာ။ ရှမ်းထူးရွာ စာသင်ကျောင်းရှေ့ဘက် ကပ်လျက်မှာ ရှိတဲ့ ဒေါ်သိန်းမြရဲ့ နေအိမ်ပေါ်ကို တည့်တည့်ကျရောက်ပေါက်ခဲ့တယ်။ နေအိမ်ပေါ်မှာရှိတဲ့ ညီအစ်မ ၂ ဦး စလုံးပွဲချင်းပြီးသေတယ်။ နောက်ထပ်အမျိုးသား ၁ ဦးလည်း အပြင်းအထန် ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့သော ရှမ်းထူးကျေးရွာသည် ချောင်းဦးမြို့အနီးတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀ ကျော်ရှိသော ကျေးရွာတစ်ရွာဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ချောင်းဦးမြို့ အနီး ပတ်ဝန်းကျင်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေမှုကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းမှစတင်၍ ဖားကန့်မြို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှုများ တောက်လျှောက်လုပ်ဆောင်နေကြောင်း ဖားကန့်မြို့မှပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက် နောက်ကျော၊ ထုံးဘိုကျေးရွာ၊ ရွှေဂေါင်ဂေါင်ဆုတောင်းကုန်းတွင် အကြမ်းဖက်စစ်တပ်နှင့် KIA ဦး ဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်တပ်က ဗုံးများ လေကြောင်းမှ ကျဲချခဲ့ကြောင်း၊ ယနေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန် ဖားကန့်မြို့နယ်၊ King KTV သို့လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချကြောင်း ၊ တိုက်ပွဲဖြစ်ပွားနေရာ မရှီကထောင်ရပ်ကွက်နောက်ကျော ထုံးဘိုကျေးရွာ၊ ဆုတောင်းကုန်းအခြမ်းအနီးတဝိုက်သို့လည်း လေကြောင်းမှတဆင့် ဗုံး ၁၀ လုံး ထက် မနည်း ဗုံးကျဲချသွားကြောင်း သိရှိရသည်။
“ဖားကန့်မှာ အခုက တိုက်ပွဲတွေက ပြင်းထန်ပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေလည်းဖြစ်နေတယ်။ အရပ်သားတွေကို စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေလည်းရှိနေတယ်” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။






