26 C
Yangon

ကနီနှင့် မြိုင်မြို့နယ် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ၈ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အနောက်တောင်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲပိုင်း ၁၂ နာရီ ၄၈ မိနစ်နှင့် ၅၅မိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးသည် ကနီမြို့နယ် အနောက်တောင်ပိုင်းရှိ ကျေးရွာများကို ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိ၊မရှိကို အတည်မပြုနိုင်သေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက ဒီနေ့ မွန်းလွဲပိုင်းက ၄ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်သွားခဲ့တာပါ။ ပြည်သူများ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ်ပျက်စီးတာမျိုးကို ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။ ကျေးရွာနေ ပြည်သူများကတော့ ထွက်ပြေး တိမ်ရှောင်နေရတယ်လို့ သိရတယ်။ ပြည်သူများနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိထားနေထိုင်ဖို့ ပြောချင်ပါတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“ရွာအမည်တွေက လုံခြုံရေးကြောင့်မို့ ပြောလို့ မရသေးလို့ပါ။ ထိခိုက်မှုအခြေအနေကို အသေးစိတ်တော့ မသိရသေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတာရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article