ရန်ကုန်၊ ဖေဖော်ဝါရီ ၅
ကရင်ပြည်နယ်တွင် DKBA ၊ KNA နှင့် BGF တို့ ၏ ကျားဖြန့် လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် လည်ပတ်နေမှုကို စစ်တပ်က လျစ်လျူရှုပြီး စစ်အင်အားတိုးချဲ့မှုများကိုသာ အဓိကထားလုပ်နေကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
DKBA က ဖလူးမြို့သစ်တွင် ကျားဖြန့် အဆောက်အအုံများကို ယခင်ကတည်းက တည်ဆောက်ခဲ့ရာမှ စစ်တပ်က ရွှေက္ကိုလ်၊ မင်းလက်ပံနှင့် KK Park တို့ကို ဖြိုခွင်းပြီးနောက် ဖလူးမြို့သစ်အတွင်း ရက်ပိုင်းအတွင်း အဆောက် အအုံသစ်ကြီး ၂၀ ခုထက်မနည်း အရှိန်အဟုန်ဖြင့် ပေါ်ထွန်းလာကြောင်း၊ ယင်းအပြင် အဆောက်အအုံသစ်များ၏ အပေါ်တွင် စတားလင့် အင်တာနကဗန်းများ အပြိုင်အဆိုင် အတုန်းအရုန်းပေါ်ပေါက်လာနေကြောင်း သိရှိရသည်။
“ဖလူးမြို့သစ်ကတော့ DKBA လုပ်နေတာ အတော်ကြီးကို ကြီးကျယ်လာတယ်။ ဖလူးမှာ နေ့ချင်းညချင်းကို အဆောက်အအုံအသစ်ကြီးတွေ ပေါ်လာတာ။ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလထဲကိုတင် အဆောက်အအုံသစ် ၂၀ လောက် မြင်ရတယ်။ ခေါင်မိုးပေါ်တွေမှာလည်း စတားလင့်ဗန်းတွေ အပြိုအဆိုင်ပဲ။ ကျားဖြန့်တွေ အရှိန်အဟုန်နဲ့ကို ပြန်စနေတာ။ စစ်တပ်ကလည်း အဲဒါတွေကို သိပ်ပြီးတော့ ဘာမှ အရေးယူတာမရှိတော့ဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
DKBA သာမက BGF နှင့် KNA တို့ကလည်း ရွှေကုက္ကိုလ်မြို့တွင်ပါ ကျားဖြန့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း၊ ရွှေကုက္ကိုလ်အတွင်း စစ်တပ်ကလည်း ဝင်ထွက်သွားလာနေပြီး KNA ၊ BGF များနှင့်ပါ ပူးတွဲ သွားလာနေကြောင်း သိရှိရသည်။
“ရွှေကုက္ကိုလ်ထဲမှာလည်း KNA ရော BGF ရော တပ်နဲ့အတူသွားလာနေကြတယ်။ ကျားဖြန့်ဆိုက်တွေ ပြန်ဖွင့်တာလည်း သူတို့သိတယ်။ အနှောင့်အယှက်မပေးကြဘူး။ KNA နဲ့ BGF ကလည်း တပ်ကို ဘာမှ ပြဿနာရှာတာမျိုးမရှိတော့ဘူး။ နှစ်ဖက်ကြားထဲမှာ အတော်ကို အဆင်ပြေနေတာ တွေ့ရတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်က ကရင်ပြည်နယ်၊ မြ၀တီမြို့၊ ကော့ကရိတ်နှင့် အာရှလမ်းမတို့ဘက်သို့ စစ်အင်အားများ အလုံးအရင်းဖြင့် ပေးပို့နေပြီး ယင်းကဲ့သို့ စစ်တပ်က အင်အားတိုးချဲ့မှုများကိုလည်း DKBA ၊ KNA နှင့် BGF တို့က တစ်စုံ တစ်ရာ နှောင့်ယှက်မှုမပေးဘဲ အကူအညီပေးမှုများပင်ရှိနေကြောင်း သိရှိရသည်။
“ကျနော်မြင်တာတော့ စစ်ကြောင်းတွေရော၊ စစ်ကားတန်းတွေရော ဒီဇန်နဝါရီလထဲမှာ ကြီးကြီးမားမား ရွှေ့နေတာ မြင်ရတယ်။ မြ၀တီဘက်ကိုရော ကော့ကရိတ်ဘက်ကိုရော၊ အာရှလမ်းပိုင်းကိုရောပဲ။ ကျနော်သုံးသပ်တာကတော့ KNU နဲ့ မပေါင်းရင်ပြီးရော DKBA ၊ BGF နဲ့ KNA အပါအဝင် အခြားကရင် လက်နက်ကိုင်တွေကို လုပ်ရာချင် လုပ်ခွင့်ပြုထားတဲ့သဘောလို့ မြင်ပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်က စစ်ရေးအရ အင်အားတိုးမြှင့်တာတွေကို DKBA ၊ BGF နဲ့ KNA ဘက်က တချို့ ကူညီနေတာတွေကို တွေ့ရတယ်။ စစ်တပ်ကတော့ KNU ကို အဓိက ဦးတည်ပြီးတော့ စစ်ရေး လှုပ်ရှားသလိုနဲ့ ကရင်နဲ့ နယ်စပ်တစ်လျှောက်လုံးကို ပြန်ပြီးတော့ ထိန်းချုပ်နိုင်အောင် စစ်အင်အားကို တိုးနေတာလို့ မြင်ပါတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအတွင်း DKBA ၊ BGF နှင့် KNA နယ်မြေများသို့ ဒရုန်းများ ဖြင့် ဗုံးကျဲခံရမှု တချို့ရှိသော်လည်း တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် စစ်ရေး တင်းမာမှုမရှိဘဲ နားလည်မှု ရှိနေသည့်သဘောမြင်ရသည်ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။
“ဖလူးနဲ့ မယ်ထော်သလေးဘက်မှာ စစ်တပ်က အင်အားတိုးပြီးတော့ တင့်ကား လက်နက်ကြီး ဒရုန်းထပ်ဖြည့်ထားတယ်။ ဖလူးက DKBA ကျားဖြန့်ဆိုက်ထဲကို ဒရုန်းတချို့ ပျံသန်းတာ၊ ကျတာမျိုးရှိတယ်။ ဒါပေမယ့် နှစ်ဖက်ကတော့ သိပ်ပြီး ပြဿနာဖြစ်ဘူး။ စစ်ရေး တင်းမာတာမျိုးမရှိဘူး” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ယမန်နှစ် နိုဝင်ဘာလအတွင်း KK Park ၊ ရွှေက္ကိုလ်၊ မြ၀တီမြို့ပေါ်တွင် စစ်တပ်က ကျားဖြန့်ဆိုက်များကို ဝင်ရောက် စီးနင်းခဲ့သော်လည်း ကျားဖြန့် လုပ်ငန်းများမှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပုံစံသစ်ဖြင့် ဆက်လက် လည်ပတ်လာနေခြင်းဖြစ်သည်။
အထူးသဖြင့် KNA DKBA နှင့် BGF အပါအဝင် စစ်တပ်နှင့်အဆင်ပြေသော ကရင်လက်နက်ကိုင်များအားလုံးက ကျားဖြန့် နေရာသစ်များ၊ ဝင်းများကို ချက်ချင်း တည်ဆောက်ကာ အခွန်ကောက်ခြင်း၊ တရုတ်များအတွက် လိုအပ်သော စက်သုံးဆီများ၊ Mytel အင်တာနက်လိုင်းနှင့်Star Link အင်တာနက်လိုင်းများကို တာဝန်ယူ ရောင်းချ တပ်ဆင်ပေးခြင်း၊ လုံခြုံရေးယူပေးခြင်းများဖြင့် စီးပွားရေးများ လည်ပတ်နေကြောင်း သိရှိရသည်။
လက်ရှိ ကျားဖြန့်များ ပြန်လည် လည်ပတ်နေသော နေရာများတွင် ဖလူးမြို့သစ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာ၊ ဒေါန တောင်ခြေ သစ်ကတေ့ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ၊ ကြိမ်ချောင်းကျေးရွာအနီး၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ကျားဖြန့် လုပ်ငန်းများစွာ အရှိန်အဟုန်ဖြင့် ကြီးထွားလည်ပတ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။




