24 C
Yangon

မြန်မာနိုင်ငံ ၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကုလသမဂ္ဂထံသို့ အခွန်ပေးရန် ကျန်ရှိနေပြီး ကုလသမဂ္ဂ၏ ဘဏ္ဍာရေး ပြိုလဲနိုင်ဟု အတွင်းရေးမှူးချုပ် သတိပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံ၊ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ကုလသမဂ္ဂထံသို့ အခွန်ပေးရန် ကျန်ရှိနေတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ပြောဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပုံမှန်လုပ်ငန်းလည်ပတ်ရေး ဘတ်ဂျက်အတွက် သတ်မှတ်ထားတဲ့ အခွန်အကောက်တွေကို အမေရိကန်၊ မြန်မာ၊ လစ်ဗျား၊ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၄၀ ကျော် က အချိန်မီ မပေးသွင်းသေးဘူးလို့ သတင်းများအရ သိရပါတယ်။ ဒီလို အခွန်မပေးသွင်းခြင်း၊ နောက်ကျခြင်းတွေကြောင့် ကုလသမဂ္ဂဟာ ဘဏ္ဍာရေးအရေးပေါ်အခြေအနေကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကတော့ “ဒီအခြေအနေက ဆက်သွားရင် ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေး ပြိုလဲနိုင်တယ်” လို့ ထပ်သတိပေးထားပါတယ်။

အထူးသဖြင့် အမေရိကန်နိုင်ငံက ကုလသမဂ္ဂကို အကြွေးအများဆုံးရှိတဲ့ နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် အခွန်အကြွေး ဒေါ်လာ ၈၂၇ သန်း ၊၂၀၂၆ ခုနှစ်အတွက် ဒေါ်လာ ၇၆၇ သန်း၊ ငြိမ်းချမ်းရေးတပ်ဖွဲ့များအတွက် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော် စုစုပေါင်းအားဖြင့် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံခန့် ကို မပေးသွင်းသေးဘူးလို့ ကုလ သမဂ္ဂဘက်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုအရေးပေါ်အခြေအနေ ပြင်းထန်လာချိန်မှာပဲ ကုလသမဂ္ဂ အခွန်အကောက် အပြည့်အဝ မပေးနိုင်တဲ့ နိုင်ငံစာရင်း ထဲ ပါဝင်လာပါတယ်။ လက်ရှိအချိန်မှာ မြန်မာပြည်သူ ၁၂ သန်းကျော် အစားအစာအခက်အခဲ ကြုံနေရတယ်လို့ ကုလအဖွဲ့များက ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံစုစုပေါင်း ၁၉၃ နိုင်ငံ ထဲက ၂၀၂၅ ခုနှစ်အတွက် အခွန်အပြည့်အဝ ပေးထားနိုင်တဲ့ နိုင်ငံက ၁၅၁ နိုင်ငံသာ ဖြစ်ပြီး အခွန်မပေးနိုင်တဲ့ နိုင်ငံတွေမှာ အာဖဂန်နစ္စတန်၊ မြန်မာ၊ လစ်ဗျား၊ ဗင်နီဇွဲလား၊ ယီမင် စတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ နိုင်ငံတွေ တော်တော်များများ ပါဝင်နေပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကတော့ ကုလသမဂ္ဂရဲ့ ၁၉၄၅ ခုနှစ စည်းမျဉ်းတစ်ရပ်ကို ပြန်လည်သုံးသပ်ဖို့ အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားပါတယ်။ အဲဒီစည်းမျဉ်းအရ နှစ်ကုန်တိုင်း မသုံးဖြစ်တဲ့ ငွေတွေကို နိုင်ငံတွေကို ပြန်ပေးရ ပါတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ငွေကို မကောက်နိုင်ခဲ့ဘဲ ပြန်ပေးရတဲ့အတွက် ကုလဘဏ္ဍာရေးဟာ ပိုပြီး ဆိုးရွားလာတယ်လို့ သူက ပြောပါတယ်။

“မရှိတဲ့ ငွေကို ပြန်ပေးရမယ့် အခြေအနေက လုံးဝ မတရားဘူး” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ဆိုပါတယ်။

ကုလသမဂ္ဂ စည်းမျဉ်းအရ ၂ နှစ်ဆက်တိုက် အခွန်လုံးဝ မပေးတဲ့ နိုင်ငံတွေအနေနဲ့ အထွေထွေညီလာခံမှာ မဲပေးခွင့် ဆုံးရှုံးနိုင်ပါတယ်။ လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံဟာ မဲပေးခွင့် ဆုံးရှုံးပြီးသား ဖြစ်သလို၊ ဘိုလီဗီးယားနဲ့ ဆာအိုတိုမေးနဲ့ ပရင်စီပီနိုင်ငံတွေကလည်း မကြာခင် မဲပေးခွင့်ဆုံးရှုံးနိုင်တဲ့ အခြေအနေ ရောက်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထ် ထရမ့်ကတော့ “ကုလသမဂ္ဂအနေနဲ့ သူနဲ့ တိုက်ရိုက်စကားပြောရင် ပြဿနာ ဖြေရှင်းနိုင်တယ်” လို့ ပြောဆိုခဲံဖူးပါတယ်။

ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကတော့ “ဒါက ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘူး၊ အခွန်ဆိုတာ ပေးရမယ့် တာဝန်ပါ” လို့ ပြန်လည် တုံ့ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေးအရေးအခက်ဟာ မြန်မာအရေးအပါအဝင် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုလုပ်ငန်းများကို တိုက်ရိုက် ထိခိုက်စေနိုင်တဲ့ အခြေအနေ ဖြစ်လာနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article