ရန်ကုန်၊ ဖေဖော်ဝါရီ ၅
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းတွင် ဗိုလ်မှူး၊ ဗိုလ်ကြီးစသည့် အရာရှိများမှစ၍ စစ်သည်များအထိ မူးယစ်ဆေးဝါးများ သုံးစွဲနေပြီး တပ်ကြပ်တစ်ဦးက မူးယစ်ဆေးကြောင်ကာ ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ် အဆုံးစီရင်သွားကြောင်း အလင်း ဝင် တပ်သား နိုင်ခန့်ကျော်က ပြောဆိုသည်။
တပ်သားနိုင်ခန့်ကျော်မှာ အကြမ်းဖက်စစ်တပ် စကခ ၁၇ လာက်အောက်ခံ ခမရ ၅၇၄ တပ်ရင်းမှ စစ် မှုထမ်း တပ်သားတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပေါ်ရှိ နတ်ရေ ကန်ဗျူဟာကုန်းစခန်း၌ တာဝန်ကျနေစဉ် ထွက်ပြေးလာကာ အာရက္ခတပ်တော် -AA ထံ အလင်းဝင်ခဲ့ သူဖြစ်ကြောင်း သိရသည်။
နတ်ရေကန်ဗျူကုန်းစခန်းတွင် အာရက္ခတပ်တော်နှင့်တိုက်ပွဲဖြစ်နေသဖြင့် အင်အားဖြည့်တင်းရန်ဟုဆိုကာ ခမရ ၅၇၄ တပ်ရင်းမှ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးတို့က စစ်မှုထမ်းတပ်သားများကို ဦးဆောင် ကာ စုစုပေါင်းအင်အား ၇၁ ဦးဖြင့် ပို့ဆောင်ခံခဲ့ရကြောင်း၊ တပ်သို့ရောက်ရှိချိန်တွင် ဒရုန်းတပ်ဖွဲ့မှ ဗိုလ်ကြီးများနှင့်အတူ နေထိုင်ခဲ့ရပြီး ယင်ဗိုလ်ကြီးများက မူးယစ်ဆေးဝါးများ စတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
“အဲ့ဒီမှာ ဒရုန်းတပ်ဖွဲ့ ဗိုလ်ကြီးတွေက ကျနော်တို့ ပထမဆုံး ရောက်တာနဲ့ WY ဆေးပြားတွေပေါ့၊ မူးယစ် ဆေးဝါးတွေ စရောင်းနေပြီ၊ မင်းတို့တွေ ဆေးသုံးမှာလား၊ ဒီဟာကတော့ မင်းတို့ရှေ့တန်း စစ်မြေပြင်မှာ ကောင်းတယ်၊ ဒီဟာက မဖြစ်မနေ ဆောင်ထားရမှာ” ဆိုပြီးတော့ ကျနော်တို့ကို ပြောတာတွေ ရှိတယ်။ ကျနော်တို့ကတော့ မသုံးပါဘူး၊ ကျနော် မသုံးဘူး” ဆိုပြီးတော့ ငြင်းလိုက်တာ ရှိတယ်။” ဟု အလင်းဝင် တပ်သား နိုင်ခန့်ကျော်က ပြောကြားသည်။
နတ်ရေကန်စခန်း၊ တပ်ရင်းထဲသို့ တပ်ကြပ်ကြီးတစ်ဦးက ဆိုင်ကယ်ဖြင့် ၃ ရက်ခြားတစ်ခါ မူးယစ်ဆေးဝါးများ လာရောက်ပို့ဆောင်ကာ ရောင်းချ နေသည့်အပြင် ဒရုန်းတပ်ဖွဲ့မှ ဗိုလ်ကြီးများလည်း ရောင်းချနေကြောင်း၊ ထို့ကြောင့် သန္ဓေစစ်သားများ၊ စစ်မှုထမ်းစစ်သားများမှာ မူးယစ်ဆေးဝါးများကို လွတ်လွတ်လပ်လပ် သုံးစွဲခွင့်ရနေကြောင်း သိရသည်။
“အဲ့ဒီ မူးယစ်ဆေးတွေကတော့ ပဒါန်းက သူတို့ တပ်ထဲကပဲ သန္ဓေ တပ်ကြပ်ကြီး တစ်ယောက်က ၃ ရက် ခြား တစ်ခါ ဆိုင်ကယ်နဲ့ လာပြီးတော့ ပို့တာတွေ ရှိတယ်။ ဒရုန်းတပ်ဖွဲ့မှာရှိတဲ့ ဗိုလ်ကြီးတွေက ရောင်း တာတွေ ရှိတယ်။ နောက်ထပ် တစ်ခြားက အဲ့ဒီမှာ တပ်ရင်း၊ တပ်မ ၁၀၁ တပ်မရှိတယ်။ အဲ့ဒီ ၁၀၁ တပ် မက ဗိုလ်တွေ၊ ဗိုလ်မှူးတွေ၊ ဗိုလ်လေးတွေ ရောင်းတာတွေရှိတယ်။ တပ်ကြပ်ကြီးက အဲ့ဒီမှာပဲ တွေ့ရ တာ စစ်တပ်နဲ့တောင် မတူတော့ဘူး။ မူးယစ်ဆေး၊ WY ဆေး ရောင်းဝယ် ဖောက်ကားနေတဲ့ နေရာ ကြီးတစ်ခလိုဖြစ်နေပြီ” ဟု အလင်းဝင် တပ်သား နိုင်ခန့်ကျော်က ပြောဆိုသည်။
ထိုသို့ မူးယစ်ဆေးဝါးများ လွတ်လပ်စွာသုံးစွဲခွင့်ရနေသောကြောင့် ခမရ ၅၇၄ မှတပ်ကြပ်တစ်ဦး မူးယစ် ဆေးဝါးအလွန်အကျွံသုံးစွဲကာ ကိုယ်ကိုကိုယ့် သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သွားကြောင်း၊ ထို့အပြင် စစ်မှုထမ်းတပ်သားအချင်းချင်း စကာားများရန်ဖြစ်ကာ ထိုးကြိတ်ရိုက်မှုများလည်းရှိကြောင်း သိရသည်။
ယင်းအပြင် နတ်ရေကန်စခန်းတွင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်များ အများကြီးရှိသည်ဟုဆိုကာ “ပစများ ကြိုက်သလောက်သေ”ဟု ကြွေးကြော်၍ ရှေ့တန်းသို့ စစ်မှုထမ်းတပ်သားများကို တက်ခိုင်းခြင်းနှင့် စစ်တိုက်ခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း အာရက္ခတပ်တော်ထံသို့ အလင်းဝင်ခဲ့သည့် တပ်သား နိုင်ခန့်ကျော်က ဝန်ခံထွက်ဆိုထားသည်။
လက်ရှိတွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း -ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းတွင် အာရက္ခတပ် တော် -AA နှင့် တိုက်ပွဲပြင်းထန်နေပြီး သန္ဓေစစ်သားတစ်ဦးနှင့် စစ်မှုထမ်းတပ်သား ၂၀ ဦးမလဲနိုင်ဟု ဆို ကာ ရှေ့တန်းမှ တက်ခိုင်းနေကြောင်း၊ စစ်မှုထမ်းတပ်သား -ပစများမည်မျှပင်သေပါစေ စစ်မှုထမ်းသင် တန်းပို့ထားသည့် အပတ်စဉ်အများအပြားရှိသည်ဟု စစ်အရာရှိများက ပြောဆိုခြိမ်းခြောက်ကာ ရှေ့ဆုံးမှ စစ်မှုထမ်းတပ်သားများကို တက်ခိုင်းနေကြောင်း သိရသည်။
“မင်းတို့ ပြည်သူ့စစ်မှုထမ်း အယောက် ၂၀ နဲ့ ငါတို့ သန္နေ တစ်ယောက်နဲ့မလဲဘူး။ မင်းတို့ ပစတွေက ၂ နှစ်ပဲ တာဝန်ထမ်းဆောင်ရတာ။ ငါတို့တွေက ကျတော့ အနှစ် ၆၂ နှစ် တာဝန်ထမ်းဆောင်ရတာဆိုပြီး ပြောတယ်။ ပြည်သူ့စစ်မှုထမ်း အယောက် ၂၀ ဆယ်နဲ့ သူတို့ သန္ဓေ ၁ ယောက်နဲ့ မလဲဘူး” ဆိုပြီးပြော တယ်။ စစ်မြေပြင်မှာလည်း “မင်းတို့ ပစတွေ ပြည်သူ့စစ်မှုထမ်းတွေကိုပဲ ရှေ့က တက်ခိုင်းမယ်”၊ “မင်း တို့ ပြည်သူ့စစ်မှုထမ်းတွေက ကြိုက်သလောက်သေ၊ ငါတို့ ဒီမှာ သင်တန်းအပတ်စဉ်တွေ အများကြီးရှိ တယ်၊ ပို့ထားတာတွေ အများကြီးရှိတယ်” ဆိုပြီးတော့ အထက်အရာရှိက အဲ့ဒီလိုမျိုး ပြောတာတွေလည်း ရှိတယ်။” ဟု အာရက္ခတပ်တော်ထံ အလင်းဝင်ခဲ့သည့် တပ်သား နိုင်ခန့်ကျော်က ပြောဆိုသည်။
ထို့သို့ ပြောဆိုမှုများသည် စကားဖြင့်ပင်မဟုတ်ဘဲ လက်တွေ့တွင်လည်း ခွဲခြားဆက်ဆံကြောင်း၊ နောက် တန်းတွင် တန်းတူဆက်ဆံသည်ဟု ဝါဒဖြန့်နေသော်လည်း ရှေ့တန်းရောက်ပါက ရှေ့ဆုံးမှပင်တက်ခိုင်း ကာ အသေခံခိုင်းနေကြောင်း အသိပေးထားသည်။
ထို့ကြောင့် တပ်သား နိုင်ခန့်ကျော်အနေဖြင့် အကြမ်းဖက်စစ်တပ်ကို စွန့်ပစ်ကာ ထွက်ပြေးလာခြင်းဖြစ် ပြီး ၎င်းနှင့်အတူတူ ထွက်ပြေးလိုသူများရှိသော်လည်း အခြေအနေအရ တစ်ဦးတည်းသာ ထွက်ပြေး လာနိုင်ခဲ့ကြောင်း သိရသည်။
“ငါတို့ ရှေ့တန်းစစ်မြေပြင်ရောက်ရင် သေရမှာပဲ၊ အဲ့တော့ ငါတို့ ထွက်ပြေးတာ၊ ထွက်ပြေးရင် အ ကောင်းဆုံးဖြစ်မယ်” ဆိုပြီးတော့ ဒီလို တီးတိုး ပြောဆိုတာတွေ ရှိတယ်ပေါ့။ “ငါတို့ ဘယ်နေ့ ထွက်ပြေး မလဲ” ဆိုပြီးတော့လာပြီးတော့ဆွေးနွေးတာတွေ ဘာတွေရှိတယ်။ အဲ့ဒီနေ့က တအားလူများတော့ အကုန်လုံး ပြေးလာဖို့ အခွင့်အရေး မသာခဲ့ဘူး။ အဲ့ဒါနဲ့ တစ်ယောက်တည်း အခွင့်အရေးရတာနဲ့ အဲ့ဒီ စခန်းကုန်းက ထွက်ပြေးလာခဲ့တာ” ဟု တပ်သား နိုင်ခန့်ကျော်က ရှင်းပြသည်။




