26 C
Yangon

ဇေယျဝတီမြို့တွင် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ် ၂ လက် ရရှိ၊ တနသာရီမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့တွင် ပြည်သူများကို ပေါ်တာဆွဲပြီး ဆက်ကြေး အဆမတန်ကောက်ခံနေသော စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ကြောင်း ဧရာ၀တီအမှတ် ၃ တပ်ရင်း P 26002 မှ ထောက်လှမ်းရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၌ ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ဆက်ကြေး အဆမတန်ကောက်ခံနေသည့် ဇေယျဝတီသကြားစက်အနီးရှိ စစ်တပ်ဂိတ်ကို ဧရာဝတီအမှတ် ( ၃ ) တပ်ရင်း ( ဟင်္သာတ ခရိုင်အမှတ် ၂ တပ်ရင်း) မှ ရဲဘော်တစ်ဦးက ဂိတ်အတွင်းဝင်ရောက်၍ 9 MM ပစ္စတိုတစ်လက်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးကာ MA-3 သေနတ် ၁ လက် ၊ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ဘောက် ၊ ကျည် ၄၀ တောင့် တို့ သိမ်ဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ကြောင်းသိရှိရသည်။

“တပ်ကြပ်ကြီး တစ်ဦးသေဆုံးပါတယ်။ ပြည်သူတွေတိုင်နေတာတော့ ကြာပါပြီ။ အမျိုးသမီးတွေဆိုရင် ထိကပါး ရိကပါးလုပ်တယ်။ အဲဒီဂိတ်မှာ စစ်ခွေး အင်အားက ၁၁ ဦးလောက်ရှိတယ်။ အလစ်အငိုက်ကို ဝင်ပစ်ခဲ့တာပါ။ စစ်ခွေး သေတာက တပ်ကြပ်ကြီး တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာပါ။ တပ်ကြပ်ကြီးကို ခေါင်းကိုတေ့ပစ်ခဲ့တာပါ။ အဲ့အချိန်မှာ ဂိတ်ထဲမှာက ၂ ​ယောက်ပဲရှိတာ။ တစ်ယောက်က သေနတ်ထားခဲ့ပြီး ကွမ်းယာထွက်ဝယ်နေတာ “ဟု ဧရာ၀တီအမှတ် ၃ တပ်ရင်း P 26002 မှ ထောက်လှမ်းရေးတာဝန်ခံက ပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူများ သတိပြုသွားလာကြရန် အသိပေးလိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ မှစပြီး တနင်္သာရီမြို့နယ်၊ တမုတ်ချုံကျေးရွာနှင့် လယ်တောင်ယာကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ၍ မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းနှင့် တနင်္သာရီမြို့နယ် ပကဖ တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများနေ့စဉ် ပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် ပြည်သူများအနေဖြင့် တမုတ်ချုံးကျေးရွာနှင့် လယ်တောင်ယာကျေးရွာ အနီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဖြတ်သန်း သွားလာခြင်း မပြုကြရန် မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းက အသိပေးပြောဆိုထားသည်။

“တိုက်ပွဲကတော့ နေ့စဉ်ကို ပြင်းထန်နေပါတယ်။ စစ်ခွေးစစ်ကြောင်းက ပြည်သူတွေ ဖမ်းဆီးတာနဲ့ နေအိမ်တွေ မရှို့တာတော့ မရှိသေးဘူး။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article