ရန်ကုန်၊ ဖေဖော်ဝါရီ ၆
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် ၁၀ ရက်ကြာ ဝင်ရောက်မွှေနှောက်ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူ ၁၀ ဦးကျော်ကို ဖမ်းဆီးသွားပြီး ရွာထဲရှိ ပစ္စည်းအားလုံးကို လုယက်ယူဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၅ ရက်နေ့ မောင်းမကန်ရွာတွင် အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲ ပြုလုပ်နေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်တပ်စစ်ကြောင်းက ကျေးရွာအတွင်း ဝင်ရောက်နွှေနှောက်ကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဖမ်းဆီး စစ်ဆေးခံရသူများထဲမှ ပြည်သူ ၂၀ ခန့်ကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်များကို စိတ်ကြိုက် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် Faw ကား ၁ စီး၊ ဆိုင်ကယ်များနှင့် တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်သွားခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခလရ ၁၀၄ တပ်ရင်းသို့ ပြန်လည် ဆုတ်ခွာသွားပြီး ၎င်းတို့ ဖမ်းဆီးထားသော ပြည်သူ ၁၀ ဦးကျော်ကိုလည်း ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“စစ်ခွေးစစ်ကြောင်းက မဲရုံဗုံးကျဲ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ မောင်းမကန်ရွာက နေအိမ်တွေကို ဆက်တိုက်ကို ဝင်မွှေနေတာ ပထမ ဖမ်းဆီးခံရသူက ၃၀ ကျော်ကို အဲတာသူတို့ စစ်ဆေးတာတွေ လုပ်ဆောင်ပြီး ပြန်လွှတ်ပေးလိုက်တာ ၂၀ နီးပါးရှိတယ်။ အဲထဲက ကျန်ခဲ့တဲ့ ပြည်သူ ၁၀ ဦးကျော်ကိုတော့ စစ်ခွေးတွေ ဖမ်းဆီးခေါ်ဆောင်သွားတာ ရွာထဲက Faw ကားတွေကော ဆိုင်ကယ်တွေကော တန်ဖိုးကြီး ပစ္စည်းတွေကော အကုန်ခိုးယူသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးသည် ထီးလင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်တွေ ပျက်စီးတာ ရှိ၊မရှိကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ထီးလင်းမြို့အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်သော ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Y12 လေယာဉ်ဖြင့် ဗုံး ၈၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၆၀ နှစ် အရွယ် အမျိုး သား ၁ ဦးသေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ထလင်းကျေးရွာမှ အသက် ၃ နှစ် အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းနေသော ကျေးရွာများမှ နေအိမ်များ။




