26 C
Yangon

မုန်းနှင့် တောင်သာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ မုန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၄၃၉ တပ်ရင်းက ခင်ကြီးကျေးရွာ၊ လှေဒုံးကျေးရွာနှင့် ငတိုးခင်ကျေးရွာ အတွင်းကို လက်နက်ကြီး ၅ လုံး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ခင်ကြီးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၉ လုံးထိမှန် ပျက်စီးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ခမရ-၄၃၉ တပ်ရင်းက ခင်ကြီးကျေးရွာအတွင်းကို ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ရာ ကျေးရွာနေပြည်သူ အသက် ၅၅ နှစ်အရွယ် ဒေါ်ထွေးရီသန်း ထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တောင်ငူလေတပ်မှ စောခီးကျေးရွာ အတွင်းသို့ လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် အသက် ၉ နှစ်အရွယ် စောကလဲမူသော ထိမှန်သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း ခမရ-၄၃၉ တပ်ရင်းက ခင်ကြီးကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၅၈ နှစ်အရွယ် မောင်မျိုး ထိမှန် သေဆုံးခဲ့ကြောင်း၊ ညနေ ၃ နာရီ ၅၅ မိနစ်ခန့်တွင်လည်း ခလရ-၆၀ တပ်ရင်းက ငထွေစုတ်ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ၁၂၀ မမ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့ရာ အသက် ၁၄ နှစ်အရွယ် စောတာနေသား (၁၄)နှစ် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ခမရ-၄၃၉ တပ်ရင်းက မျက်နီကွင်းကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံး ၆ လုံးကျဲချဲ တိုက်ခိုက်ခဲ့သောကြောင့် မျက်နီကွင်းကျေးရွာအတွင်းရှိ နေအိမ် ၄ လုံး ထပ်မံ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိတ္ထီလာ လေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီးများသည် တောင်သာမြို့နယ် အရှေ့ပိုင်း၍ ကျေးရွာများကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်လည်း ထို စက်တပ်လေထီးများသည် တောင်သာမြို့နယ် အရှေ့ပိုင်းရှိ ကျေးရွာများ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေ၍ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ထိခိုက်မှု အခြေအနေတော့မသိရသေးဘူး။ စစ်ခွေး စက်တပ်လေထီးတွေက ၂ ရက်ဆက်တိုက်ကို ဗုံးကျဲနေတာ ပြည်သူတွေလည်း ပြေးနေရတာ ရွာလုံးကျွတ်ကို ပြေးနေရတာ အဲဘက်က ဖုန်းလိုင်းတွေ ပြတ်တောက်နေတော့ ဆက်သွယ်ဖို့ခက်ခဲနေလို့ မြေပြင် အခြေအနေ အသေးစိတ်ကို မသိရသေးတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article