By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-တရုတ်နိုင်ငံသားဖြစ်နိုင်တယ်လို့ ယူဆရသူတချို့က မြန်မာနိုင်ငံကူးလက်မှတ်တွေကို အသုံးပြုပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ်ကနေတစ်ဆင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာဖို့ ကြိုးစားခဲ့တာကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ထိုင်းအာဏာပိုင် တွေနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကြံ့ဖွတ်ပါတီဥက္ကဋ္ဌခင်ရီကတော့ ကြံ့ဖွတ်အစိုးရသစ်ကို နိုင်ငံတကာက လက်ခံသွားမယ်၊ စီးပွားရေး ပိတ်ဆို့မှုတွေကိုလည်း ရုပ်သိမ်းပေးမယ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဆက်တိုက် ဝင်လာတော့ မယ်ဆိုပြီး အကြီးအကျယ် ဝါဒဖြန့်ပြောဆိုနေတယ်လို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းပြီး ဆက်ကြေးကို အလွန်အကျွံ ကောက်ခံနေတဲ့ စစ်တပ်ဂိတ်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က တပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ပြီး သေနတ်၂ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဧရာဝတီအမှတ် (၃) တပ်ရင်း P 26002 က ထောက်လှမ်းရေးတာဝန်ခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ရှီအိုက်ဗလီတစ်ခုမှာ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေစဉ် အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၆ ရက်နေ့ မြို့တော် အစ္စလာမ္မာဘတ်မြို့အပြင်ဘက်မှာရှိတဲ့ ရှီအိုက်ဗလီတစ်ခုမှာ သောကြာနေ့ ဝတ်ပြု ဆုတောင်းပွဲအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။




