28 C
Yangon

ငါန်းဇွန်နှင့်ကမ္မတွင် စစ်တပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းများ လုယက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာသို့ အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး နေအိမ် ၃ လုံးကို မီးရှို့ကာ ဘုန်းကြီးကျောင်းနှင့် ရွာထဲရှိ ဆိုင်ကယ် အစီး ၂၀ ကျော်နှင့် ပစ္စည်းအားလုံးကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်အချိန် ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် ကျေးရွာဘုန်းကြီးကျောင်းနှင့် နေအိမ်များကိုလည်း ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် မွှေနှောက်ယူဆောင်သွားကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် နေအိမ်များအတွင်းမှ အင်္ကျီချုပ်စက်၊ ရေခဲသေတ္တာ၊ ရေထုတ်စက်၊ မော်တာ၊ နွားစာပိုင်းစက်၊ ဖုန်းများနှင့် ကျေးရွာ ဘုန်းကြီးကျောင်းမှ သံဃာတော်များ၏ ဖုန်းများ၊ မြေပဲ မျိုးစေ့များ၊ ဆန်အိတ်များ အပါအဝင် ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း ယူဆောင်သွားကြောင်း၊ ထို့ပြင် စစ်သားများက ၎င်းတို့ ယူဆောင်ခိုခြင်းမရှိသော ပစ္စည်းများကိုလည်း ထုချေ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

“ပစ္စည်းတွေယူဆောင်ခံရတဲ့ ပြည်သူတွေနဲ့ မီးတင်ရှို့ခံရတဲ့ ပြည်သူတွေကတော့ ငိုနေကြတယ်။ စစ်တပ်က သူတို့ ဘာမှမယူတော့ဘူး။ ယူခဲ့ရင် တိုင်ကြားနိုင်တယ်လို့ ပြောပြီး ပြည်သူတွေကို ရွာထဲပြန်ခေါ်လို့ လာနေတော့မှ တစ်ရွာလုံးက ပစ္စည်းတွေကို ယူသွားပြီး အကုန်ဖျက်ဆီးသွားတာ ပြည်သူတွေ ရွာထဲပြန်မဝင်ရဲသေးဘူး။ ဆိုင်ကယ် အစီး ၂၀ ကျော်လည်း ပါသွားတယ်။ အခုက ပစ္စည်းတွေကို ကားတွေနဲ့ တင်ပြီး ဆိုင်ကယ်တွေ စီးပြီး ပြန်သွားပေမယ့် စစ်သား အကုန်တော့ မပြန်သေးလောက်ဘူး။ အဲတာကြောင့် ရွာထဲ မဝင်ရဲကြသေးတာ အဲကောင်တွေက လာတုန်းက လူတွေပဲသီးသန့်ကြီးလာတာ အခုအပြန်မှာ ပစ္စည်းအစုံနဲ့ ပြန်သွားကျတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခင် ဇန်နဝါရီလကုန်ကလည်း ငါန်းဇွန်မြို့နယ်၊ နဘဲပင်ရွာကို စစ်တပ် စစ်ကြောင်း လာရောက်ခဲ့ပြီး ပြည်သူများကို အစည်းအဝေးခေါ်၍ ရွာထဲ၌ ပြန်လည်နေကြရန် စည်းရုံးပြေဆိုသွားကြောင်း၊ ထို့ပြင် စစ်ကြောင်း၌ ပါလာသော အရာရှိများကမူ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို စစ်သားများ ယူဆောင်ပါက တိုင်ကြားနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ် လှည့်ကင်းက နေအိမ် ၁ လုံးကို မီးရှို့ပြီး ကုန်ပစ္စည်းများကို စိတ်ကြိုက်ခိုးယူသွားကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကမ္မမြို့ပေါ်ကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့ပေါ် ဈေးအနီး၌ ကင်းလှည့်ရန် ရောက်ရှိနေစဉ် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဈေးဆိုင်များမှ ကုန်ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။

“အဲစစ်ခွေးစစ်ကြောင်းက ကင်းပတ်ဖို့ ထွက်လာရင်းနဲ့ နေအိမ် ၁ လုံးကို မီးရှို့ပြီး ဈေးဆိုင်ထဲက ပစ္စည်းတွေကို ခိုးယူသွားတာ အခုတော့ ရဲစခန်းထဲကို ပြန်ဝင်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာများကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article