ရန်ကုန်၊ ဖေဖော်ဝါရီ ၇
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Burma Liberation Democratic Front – BLDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး MA -1 သေနတ် ၁လက် နှင့် MA- 11 သေနတ် ၁ လက်တို့ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
“စစ်ခွေး သေစာရင်း ထပ်တိုးတာရှိမရှိကိုတော့ အတည်မပြုနိုင်သေးပါဘူး။ ဂိတ်ကိုမဟုတ်ပါဘူး။ နမခ ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်တာပါ။ တိုက်ပွဲဖြစ်ပြီးတော့ စစ်ခွေး စစ်ကြောင်းကတော့ နမခထဲကိုပဲ ပြန်ဝင်သွားပါတယ်” ဟု Burma Liberation Democratic Front – BLDF မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Black Falcon၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မုံရွာခရိုင် တပ်ရင်း (၂၄) တပ်ခွဲ (၃)၊ ကနောင်မင်းသားကြီး၊ သွေးသောက်ညီကို၊ တိုက်နယ် (၅) ပလဖ နှင့် နယ်မြေခံအမေ့သားတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အကြမ်းဖက် စစ်သားများက ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းများ လုပ်ဆောင်နေသောကြောင့် ပြည်သူတချို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်း အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)




