ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ၄ စီးဖြင့် ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်အချိန်မှ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်အထိ မကွေးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၄ စီးက ချက်ကန်ရွာသို့ အဆက်မပြတ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြား ကြောင်း သိရသည်။
လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရရှိသူများထဲတွင်လည်း ဒဏ်ရာပြင်းထန်သူများ ပါဝင်၍ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များမှာလည်း ဗုံးထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒီနေ့ နံနက်ပိုင်းကနေစပြီး မွန်းလွဲပိုင်းထိ တိုက်လေယာဉ်တွေနဲ့ ချက်ကန်ရွာကို ဆက်တိုက် ဗုံးကျဲချသွားတာ။ ပြည်သူ သေဆုံးတာက အခုနောက်ဆုံး သိရသလောက်ကတော့ ၁၀ ဦးရှိတယ်။ အဲဒီထက်လည်း ပိုများနိုင်တယ်။ ဒဏ်ရာရထားတဲ့ ပြည်သူတွေရှိပါတယ်။ ဒဏ်ရာပြင်းထန်သူတွေလည်း ပါဝင်တယ်” ဟု ပေါက်မြို့နယ်ကာကွယ်ရေးအဖွဲ့မှ ကိုလရောင်က ပြောဆိုသည်။
ထို့ပြင် ယနေ့ နံနက်ပိုင်း အကြမ်းဖက် စစ်တပ်၏ ဆိပ်ဖြူ ကပစ ၂၂ မှ တက်လာသော စက်တပ်လေထီး ၁ စီးကလည်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။






