25.9 C
Yangon

မလေးရှား၊ ဂျိုဟိုးပြည်နယ်တွင် ဈေးနှင့်ဆိုင်ခန်းများကို အာဏာပိုင်များ ဝင်ရောက်ဖမ်းဆီးမှု မြန်မာ ၆၄ ဦးအပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၈၆ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၀

မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်အတွင်းရှိ ဈေးများနှင့် ဆိုင်ခန်းများကို အာဏာပိုင်များက အော်ပရာစီ စီမံချက်ဖြင့် ဝင်ရောက်စီးနင်း ရှောင်တခင်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၆၄ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသားအလုပ်သမား စုစုပေါင်း ၁၈၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးမှုများကို ဂျိုဟိုးပြည်နယ်အတွင်းရှိ ဘာတူပါဟတ်ခရိုင်နှင့် ဂျိုဟိုးဘာရူးမြို့တို့တွင် နှစ်ရက်ဆက်တိုက် ခွဲခြားလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီခန့်တွင် ဘာတူပါဟတ် လူဝင်မှုကြီးကြပ်ရေးဌာနခွဲမှ အရာရှိများသည် တရားမဝင်နိုင်ငံခြားသားများ လုပ်ကိုင်နေကြောင်း သတင်းရရှိသည့် ဆိုင်ခန်းများနှင့် အဆောက်အအုံ ၇ ခုကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

ဖမ်းဆီးရမိသူများသည် တရားဝင်ဗီဇာနှင့် အထောက်အထားစာရွက်စာတမ်းမရှိဘဲ နေထိုင်လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်မှ ၄၈ နှစ်အတွင်းရှိ နိုင်ငံခြားသား ၃၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူ ၃၁ ဦးတွင် မြန်မာနိုင်ငံသား ၁၉ ဦး (အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၃ ဦး)၊ အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးတို့ ပါဝင်သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို မလေးရှားနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ခိုးဝင်နေထိုင်ခြင်း၊ အလုပ်လုပ်ကိုင်ခြင်း စသည့်ပြစ်မှုများဖြင့် ဥပဒေအရ အရေးယူနိုင်ရန် ပီကန်နီနတ်စ် (Pekan Nanas) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားသည်။

ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီခန့်တွင်လည်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများနှင့် ကာကွယ်ရေးအေဂျင်စီ (AKPS) တို့ ပူးပေါင်းကာ ဂျိုဟိုးဘာရူးမြို့ရှိ ပန်ဒန်ဈေး (Pandan Market) အနီးတစ်ဝိုက်ကို စီးနင်းစစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆင်ရေးသည် ဈေးအတွင်း၌ နိုင်ငံခြားသားများ ဥပဒေချိုးဖောက်နေကြောင်း သတင်းပေးပို့ချက်အရ အာဏာပိုင်များက လပေါင်းများစွာ လျှို့ဝှက်ထောက်လှမ်း စောင့်ကြည့်ပြီးမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများထဲတွင် ဈေးအတွင်းရှိ နိုင်ငံခြားသားများ ဦးစီးလုပ်ကိုင်နေသည့် ဆိုင်ခန်းများကို ပစ်မှတ်ထားစစ်ဆေးခဲ့ရာ အထောက်အထားမရှိသည့် အသက် ၁၀ နှစ်မှ ၄၉ နှစ်အတွင်းရှိ တရားမဝင်နိုင်ငံခြားသား ၁၅၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုဖမ်းဆီးခံရသူထဲတွင် မြန်မာနိုင်ငံသား ၄၅ ဦး (အမျိုးသား ၃၉ ဦး၊ အမျိုးသမီး ၅ ဦး၊ ကလေးငယ် ၁ ဦး) ၊ အင်ဒိုနီးရှားနိုင်ငံသား ၆၂ ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၅ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ ဦး၊ ဗီယက်နမ်နိုင်ငံသား ၂ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းထားသည်ဟု ယူဆရသည့် မလေးရှားနိုင်ငံသား ၂ ဦးကိုလည်း အာဏာပိုင်များက ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသူ ၁၅၅ ဦးလုံးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ချိုးဖောက်မှု (ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း၊ ခရီးသွားလာခွင့်အထောက်အထား မပြသနိုင်ခြင်း) တို့ဖြင့် ဆက်လက်စစ်ဆေး အရေးယူရန် စတီယာထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article