28 C
Yangon

ဆားလင်းကြီးမြို့နယ်တွင် စစ်တပ် အတွက် လစဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေသော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီနှင့် ဝန်ထမ်းများကို ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အတွက် လစဉ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးနေသော မြန်မာ-ဝမ်ပေါင် ကုမ္ပဏီနှင့် ဝန်ထမ်းများကို ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်းဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂလိက Non – CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီမှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် နေ့ နောက်ဆုံးထား၍ ဆားလင်းကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်နှင့် ဆက်စပ်နေသော ကုမ္ပဏီများ၊ ပုဂ္ဂလိက Non – CDM ဝန်များအနေဖြင့် နွေဦးတော်လှန်ရေး နှင့် ပြည်သူလူထုကို မျက်နှာမူကာ လုပ်ငန်းများရပ်စဲပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပါဝင် ပေးကြပါရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖိတ်ခေါ်ထားသော်လည်း လက်မခံဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် စစ်ကောင်စီ အတွက် တစ်လလျှင် ဒေါ်လာသန်းပေါင်းများစွာ အဓိကဝင်ငွေရနေစေရန်အတွက် အဆိုပါ ကုမ္ပဏီ များနှင့် Non-CDM ဝန်ထမ်းများသည် စစ်တပ် ဒေါက်တိုင်အဖြစ် လုပ်ဆောင် နေမှုများကိုလည်း မည်သို့အရေးယူဆောင်ရွက်မည်ကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ နွေဦးတော်လှန်ရေးနှင့် ပြည်သူလူထုကို မျက်နှာမမူဘဲ အပြစ်မဲ့ပြည်သူများကို နေ့စဉ် ရက်ဆက် သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် အားပေးအားမြှောက်ပြု၍ စစ်ကောင်စီဒေါက်တိုင် ကုမ္ပဏီများတွင် တက်ကြွစွာ ဦးဆောင် လုပ် ဆောင်နေသော မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ၏ ဝန်ထမ်းများဖြစ်ကြသည့် ဦးဝင်းမြင့်၊ ဦးသိန်းထွန်းဆွေ၊ ဦးစိုင်းအောင်ကို၊ ဦးညိုလင်းသန်း၊ ဦးဟန်သာစိုး၊ ဦးအုန်းလွင်မြင့်၊ ဒေါ်သီသီဦး ၊ ဦးသိန်းစိုး ၊ ဦးသန်း နိုင် စိုးနှင့် ဦးကျော်ကျော်ဦးတို့ကိုလည်းကောင်း၊ စိန်ပစ်တိုင်းထောင်ကုမ္ပဏီ၊ Sun &Moon ကုမ္ပဏီ တို့တို့ကိုလည်းကောင်း ပြည်သူ့သစ္စာဖောက် စစ် ကောင်စီထောက်တိုင် အဖြစ် သတ်မှတ်ပြီး ဥပဒေ အရ ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တခြားဝန်ထမ်းတွေအားလုံး ၉၅ ရာခိုင်နှုန်းလောက် CDM လုပ်တဲ့ အတွက် ဒီကြေးနီစီမံကိန်းတွေရပ်တန့်သွားတယ်၊ အဲဒါကြောင့် စစ်ကောင်စီရဲ့ဝင်ငွေကို လုံးဝဖြတ် တောက်နိုင်ခဲ့တယ်။ အခုဒီလူတွေက အဲဒီကတည်းက မထွက်ဘူး။ CDM လည်းမလုပ်ဘူး။ အဲဒီက တည်းက အခြေအနေစောင့်ကြည့်ပြီးတော့ ၂၀၂၄ ခုနှစ်ကနေစပြီးတော့ သူတို့က ဌာနမှူး Level တွေ ရှိတဲ့အတွက် သူတို့ရဲ့ အရှိန်အဝါတွေ၊ လုပ်ပိုင်ခွင့်တွေကို အသုံးပြုပြီးတော့မှ ခြိမ်းခြောက်၍တစ်မျိုး၊ မြှူဆွယ်၍ တမျိုးနဲ့ ဝန်ထမ်းတွေကို Non CDM ဖြစ်အောင်ပြန်လုပ်ပြီးတော့မှ ကြေးနီစီမံကိန်း ပြန် လည် လည်ပတ်ဖို့၊ စစ်ကောင်စီဝင်ငွေရဖို့အတွက် ရှေ့ဆုံးကနေ တက်တက်ကြွကြွလှုပ်ရှားနေတဲ့ လူ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ Sun & Moon ကုမ္ပဏီဆိုရင် CDM လုပ်ပြီးတော့ ထွက်သွားတဲ့ဝန်ထမ်းတွေရဲ့ နေရာကို အစားထိုးနိုင်ဖို့ သူက လူတွေကို ရှာပေးမယ်။ နေ့စားတွေနဲ့ လုပ်ခိုင်းတယ်။ အလုပ်ကြမ်း သမားအောက်ခြေ ဝန်ထမ်းတွေကို သူကနေ လူစားထိုးရှာပေးပြီးမှ ကန်ထရိုက်အနေနဲ့ လုပ်တဲ့ ကုမ္ပဏီဖြစ်တယ်။ စိန်ပစ်တိုင်းထောင်ဆိုရင်လည်း အဲဒီလိုပဲ လိုအပ်တဲ့ ယန္တရားနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို သူ့ကုမ္ပဏီကလူတွေနဲ့ပဲ သူ့ယန္တရားနဲ့သူ ဝင်ရောက်လုပ်ကိုင် ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီ ၂ ခုလုံးက CDM လှုပ်ရှားမှုကို ပျက်ပြယ်အောင်လုပ်နေတဲ့ ကုမ္ပဏီတွေ ဖြစ်ပါ တယ်။ ဒီစီမံခန့်ခွဲမှုကို တရုတ်ပြည်က တရုတ်တွေနဲ့ ကျန်ခဲ့တဲ့ ဌာနမှူး Level တွေက စီမံခန့်ခွဲ မှု လုပ်တယ်။” ဟု ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုဂ္ဂလိက Non – CDM ဝန်ထမ်း စီမံခန့်ခွဲရေးကော်မတီမှာ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အဆိုပါ ကြေးနီစီထုတ်လုပ်ခြင်း လုပ်ငန်းများ အပြည့်အဝလည်ပတ်နိုင်ပါက ဝမ်ပေါင်ကုမ္ပဏီအနေ ဖြင့် တစ်ရက်လျှင် တန် ၃၀၀ ခန့်ထုတ်လုပ်နိုင်ပြီး ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာ ၈၁ သန်းခန့် ဝင်ငွေရရှိကြောင်း၊ အလားတူ ယန်စီကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ ၄၈ သန်းခန့်ရရှိပြီး ယင်း ရရှိငွေများဖြင့် ပြည်သူလူထုကို သတ်ဖြတ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ထို့ကြောင့် ကျန်ရှိနေသေးသော ဦးဆောင်သူများ၊ ကန်ထရိုက်ကုမ္ပဏီများ အ နေဖြင့်လည်း အချိန်မီ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ကြပါရန်နှင့် ထိုသို့ကဲ့ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက် လုပ်ကိုင်နေပါက ပြည်သူ့သစ္စာဖောက်အဖြစ် အမည်နှင့်တကွ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article