ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ သံအမတ်ကြီးဦးကျော်မိုးထွန်း ဦးဆောင်သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး၏ ဘဏ်အကောင့်များကို ပိတ်ပင်ရန် စစ်အုပ်စုက အဆက်မပြတ်ကြိုးပမ်းပြီး ရုံးမလည်ပတ်နိုင်အောင်လုပ်ဆောင်ခဲ့သော်လည်း စစ်တပ်၏ လုပ်ရပ်မှာ မအောင်မြင်ခဲ့ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက PVTV မှတစ်ဆင့် ပြည်သူများသို့ အသိပေးပြောဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့ကြောင်း၊ ထိုသို့ ရပ်တည်ချိန်တွင် စစ်တပ်က နယူးယောက်မြို့ရှိ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ရုံး မလည်ပတ်နိုင်ရေးအတွက် ဘဏ်အကောင့်များကို ပိတ်ပင်ရန် ကြိုးစားခဲ့ကြောင်း သိရှိရသည်။
“ဒီအဖွဲ့ရုံး ဆက်လက် လည်ပတ်နိုင်ဖို့အတွက်ကိုတော့ အမျိုးမျိုးစဉ်းစား ဆောင်ရွက်ခဲ့ရတာရှိတယ်။ အဖွဲ့ရုံးမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိကို ကျနော်ပါ အပါအဝင် ဝန်ထမ်း ၁၄ ဦး ရှိတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် မတ်လကနေစပြီးတော့ ဒီ CDM မလုပ်တဲ့ဝန်ထမ်းတွေကို လစာပေးခြင်း၊ သူတို့ရဲ့ အိမ်ငှားစရိတ်တွေပေးခြင်းကို အဖွဲ့ရုံးက မဆောင်ရွက်တော့ဘူးပေါ့နော်။ နောက်တစ်ခုကတော့ ရုံးမှာရှိတဲ့ ရန်ပုံငွေ ကို တတ်နိုင်သမျှ စိစစ်သုံးစွဲနိုင်ဖို့အတွက်ကိုလည်း ဘဏ္ဍာရေးဆိုင်ရာ Banking ဆိုင်ရာ တတ်ကျွမ်းတဲ့သူတွေနဲ့လည်း တတ်နိုင်သမျှ တိုင်ပင်ဆောင်ရွက်ခဲ့တာရှိတယ်။ အဲဒီလို တစ်ချိန်တည်းမှာပဲ စစ်အုပ်စုက ဘာလုပ်လဲဆိုရင် ဝါရှင်တန်မှာရှိတဲ့ စစ်အုပ်စု သံရုံးကနေပြီးတော့ ဒီအဖွဲ့ရုံးရဲ့ Account တွေကို ပိတ်အောင် တောက်လျှောက် သူတို့ ကြိုးစားခဲ့တာရှိတယ်။ ဆိုတော့ Bank of America မှာရှိတဲ့ ကျနော်တို့ရဲ့ အဖွဲ့ရုံး Account တွေကို ပိတ်အောင် သူတို့ တောက်လျှောက် ကြိုး စားခဲ့တယ်။ ဒါပေမယ့် အခုထိတော့ အောင်မြင်ခြင်းမရှိခဲ့ဘူး။ ဒါကြောင့်လည်း အခုထိကို ကျနော်တို့ အဖွဲ့ရုံးအနေ နဲ့ သုံးစွဲနိုင်တဲ့ဥစ္စာတွေ သုံးစွဲရမယ့်ဟာတွေ သုံးစွဲပြီးတော့ အဖွဲ့ရုံးကြီး လည်ပတ်ပြီးတော့ စစ်အုပ်စုကနေ ဒီကို လာပြီးတော့ ကိုယ်စားမပြုနိုင်ဖို့အတွက် နောက်ပြီး မြန်မာပြည်သူတွေရဲ့ အသံကို ဆက်ပြီးတော့ ဆက်လွှင့်နိုင်ဖို့အတွက်ကို ဆက်လက်ဆောင်ရွက်နေနိုင်တဲ့ ဥစ္စာမျိုးရှိပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြသည်။
လက်ရှိတွင် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကုလသမဂ္ဂထံသို့ ပေးသွင်းရမည့် နှစ်စဉ်ကြေးကို ပေးသွင်းပြီး မြန်မာနိုင်ငံ၏ မဲပေးခွင့် မဆုံးရှုံးစေရန် လုပ်ဆောင်နေကြောင်း၊ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၃ သိန်းကျော်နှင့် ၃ ကြိမ်တိုင်တိုင်ပေးသွင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“ကုလသမဂ္ဂ Contribution နဲ့ပတ်သက်ရင် ကျနော်တို့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂကို ပေးသွင်းရမယ့် Skill of Assessment ဆိုတာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ LDC နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခြားနိုင်ငံတွေ ယှဉ်ရင် ပေးရတဲ့ပမာဏက အများကြီးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ယှဉ်ရင်တော့ အများကြီးဆိုတဲ့ဥစ္စာမျိုးတော့ရှိပါတယ်။ ဒါကြောင့် တစ်နှစ် တစ်နှစ်ကို ပေးသွင်းရတဲ့ ပမာဏက ၃ သိန်းကျော်လောက်ရှိပါတယ်။ ဒီရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက ၂ နှစ်ဆက်တိုက် ပေးသွင်းရမယ့် အနည်းဆုံးပမာဏကို မပေးဘူးဆိုရင် မဲပေးခွင့် ဆုံးရှုံးတဲ့ဥစ္စာရှိပါတယ်။ အခုတော်လှန်ရေးက ၅ နှစ်ကျော်လာပြီ။ ဒါကြောင့် ကျနော်တို့ ဒီကာလမှာ မဲပေးခွင့် မဆုံးရှုံးရလေအောင် တတ်နိုင်သမျှ အဘက်ဘက်က စဉ်းစားပြီးတော့ ဆောင်ရွက်ခဲ့တဲ့ ဥစ္စာရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၂၁ ကနေစပြီးတော့ ၂၀၂၅ ကုန်အထိ ကျနော်တို့ တတ်နိုင်သမျှ မဲပေးခွင့် မဆုံးရှုံးဖို့အတွက် ၃ ကြိမ်တိတိ ကုလသမဂ္ဂကို ပေးသွင်းရမယ့် အနည်းဆုံးငွေ ပမာဏကို ပေးသွင်းခဲ့တာရှိပါတယ်။ ဆိုတော့ ပထမတစ်ကြိမ် ပေးသွင်းတုန်းကတော့ အဖွဲ့ရုံးရဲ့ ရန်ပုံငွေအောက်မှာရှိတဲ့ငွေထဲကနေ ၃ သိန်းကျော်ကို ပေးသွင်းခဲ့တာရှိပါတယ်။ ပြီးတော့ ၂၀၂၄ မှာ တစ်ကြိမ် ပေးသွင်းခဲ့တယ်။ ၂၀၂၅ မှာ တစ်ကြိမ်ပေးသွင်းခဲ့တယ်။ ၂၀၂၄ မှာ ပေးသွင်းတာရယ်၊ ၂၀၂၅ မှာ ပေးသွင်းတာရယ်ကတော့ ဒါကတော့ NUG ကနေ တစ်ဆင့် ပေးလာတဲ့ ပိုက်ဆံကို မြန်မာအဖွဲ့ရုံး နယူးယောက် အကောင့်ကနေပြီးတော့ ကျနော်တို့ ကုလသမဂ္ဂရုံးကို ပေးရမယ့် အမောင့် ၃ သိန်းကျော်ကို နှစ်စဉ်ပေးသွင်းခဲ့ပြီး ဖြစ်တယ်။ NUG က ပိုက်ဆံ ဆိုတာလည်း ပြည်သူတွေက လှူတဲ့ပိုက်ဆံကနေပြီးတော့ ကုလသမဂ္ဂကို မဖြစ်မနေ ပေးသွင်းရတဲ့ မဲမဆုံးဖို့အတွက် ပေးသွင်းခြင်းဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုလိုမျိုး ပေးသွင်းနိုင်ခြင်းကြောင့်လည်း အခုထိ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကုလသမဂ္ဂမှာ မဲပေးခွင့်ကို ၂၀၂၆ ခုနှစ်နှစ်ကုန်အထိ ဆက်ရရှိနေမှာဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။
သံအမတ်ကြီးဦးကျော်မိုးထွန်းက မြန်မာပြည်သူလူထု၏ အသံများကို ကုလသမဂ္ဂတွင် ထုတ်ဖော်ပြီး စစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂတွင် ကိုယ်စားပြုခွင့် မရစေရေး ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ရှင်းလင်းပြောဆိုသည်။
“ကျနော် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကုလသမဂ္ဂမှာ ပြည်သူတွေနဲ့ ရပ်တည်ကြောင်း ပြည်သူရွေးချယ်တဲ့အစိုးရကိုပဲ ကိုယ်စားပြုကြောင်း ပြောပြီးတော့ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့တယ်။ ဒီတော်လှန်ရေးမှာ ပါဝင်ခဲ့ရတဲ့ အဓိက အကြောင်းကလည်း ဒါ ပြည်သူဘက်က ရပ်တည်ဖို့ နောက်တစ်ခုကတော့ ကုသလမဂ္ဂရဲ့မျက်နှာစာမှာ စစ်အုပ်စုကနေ ကိုယ်စားပြုခွင့် မရဖို့ တတ်နိုင်သမျှ မြန်မာပြည်သူတွေရဲ့ အသံကို မြန်မာပြည်မှာဖြစ်ပျက်နေတာတွေကို နိုင်ငံတကာက သိအောင် တတ်နိုင်သမျှ ပြောကြားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပါတယ်” ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ကုလသမဂ္ဂနှင့်လက်အောက်ခံအဖွဲ့များက မြန်မာစစ်တပ်ကို အသိအမှတ်မပြုဘဲ မြန်မာအမြဲတမ်းကိုယ်စား လှယ် (သံအမတ်ကြီး ဦးကျော်မိုးထွန်း)ကလည်း သစ္စာဖောက်သွား၍ အထွေထွေညီလာခံနိုင်ငံရေးစင်မြင့်တွင် ပြောရေးဆိုခွင့်ဆုံးရှုံးနေရကြောင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော အစည်းအဝေးတစ်ခုတွင် ထုတ်ဖော်ဝန်ခံ ပြောဆိုထားသည်။




