ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ဈေးကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ္မမြို့ ရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် ကမ္မမြို့ပေါ် ဈေးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို လက်နက်ကြီးကျည် ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ကမ္မမြို့ပေါ်ကို ရောက်နေတဲ့ စစ်ခွေး စစ်ကြောင်းက အခုထိ မြို့တွင်းမှာပဲ ရှိနေသေးတယ်။ မနေ့က နံနက်ပိုင်းက မြို့ပေါ် ရဲစခန်းမှာ ရှိနေတဲ့ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ရမ်းပစ်လို့ မြို့ပေါ်ဈေးကို ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတစ်ဦးကတော့ ခြေထောက်ဖြတ်ရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ကမ္မမြို့ပေါ် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြို့ပေါ် ဈေးအနီး၌ ကင်းလှည့်၍ ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ဈေးဆိုင်အတွင်းမှ ကုန်ပစ္စည်းများကို ခိုးယူသွားကြောင်း၊ ထိုစစ်ကြောင်းကြောင့် လက်ရှိချိန်တွင် ကမ္မမြို့ပေါ်မှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ရှပ်ပုံရွာကိုလည်း အကြမ်းဖက် စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းက ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး မြေပြင်စစ်ကြောင်းမှ နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ်အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မနေ့က ညပိုင်းက ရှပ်ပုံရွာကို စစ်ခွေးတွေထပ်ပြီး မီးရှို့တာ ဒရုန်းနဲ့ ရွာထဲကို ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း နေအိမ်တွေကို မီးရှို့သွားတယ်။ ရှပ်ပုံရွာကို စစ်ခွေးတွေ မီးရှို့လို့ ပြာကျတဲ့ နေအိမ် ၈၀ လောက်ရှိတယ်။ မနေ့ကရှို့တာကတော့ နေအိမ်ဘယ်လောက်ပြာကျသွားတယ်ဆိုတာ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို ရှပ်ပုံရွာကို အကြမ်းဖက် စစ်တပ်က ဇန်နဝါရီလ ၃၁ ရက်နှင့် ဖေဖော်ဝါရီလ ၆ ရက်နေ့တို့တွင်လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၈၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




