33 C
Yangon

ရဟန်းတော်များ၏ မိုင် ၂၃၀၀ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အဆုံးသတ်နေရာဖြစ်သည့် မြို့တော်ဝါရှင်တန်ဒီစီသို့ ယနေ့ရောက်ရှိ၊

Must read

ယနေ့ ညီညွတ်မှုလမ်းလျှောက်မှုတွင် ပြည်နယ်အများအပြားမှ ရဟန်းတော် ၃၀၀ နီးပါးနှင့် အမေရိကန်ပြည်သူ ထောင်ချီ ပါဝင် လမ်းလျှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

အမေရိကန်ပြည်ထောင်စုတွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ မိုင်ပေါင်း ၂,၃၀၀ ကျော် လမ်းလျှောက်ကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ ခရီးစဉ်သည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၁၀၈ ရက်မြောက်သို့ ရောက်ရှိပြီး ခရီးစဉ်၏ နောက်ဆုံးအဆုံးသတ်နေရာဖြစ်သော မြို့တော်ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာပြီဖြစ်သည်။

မိုင်ပေါင်း ၂၃၀၀ ကျော် ငြိမ်းချမ်းရေးခရီးစဉ် အစအဆုံးတွင် ဆရာတော်ဘိက္ခုပညာကာရ ဦးဆောင်သော ရဟန်းတော် အပါး ၂၀ က လမ်းလျှောက်ကြခြင်းဖြစ်ပြီး လမ်းခရီးတွင် မတော်တဆမှုတစ်ခုကြောင့် ရဟန်းတော်တစ်ပါးမှ မပါဝင်နိုင်တော့ဘဲ ၁၉ ပါးက လွန်စွာဆိုးရွားလှသော အအေးဒဏ်ကြားထဲတွင် ပါးလွှာသော သင်္ကန်းများဖြင့်သာ လျှောက်လှမ်းလာကြခြင်းဖြစ်သည်။

မြန်မာဘုန်းတော်ကြီး ရွှေဘုန်းပွင့်ဆရာတော်လည်း လမ်းလျှောက်လာသည့်ရဟန်းတော်များထဲတွင် ပါဝင်ပြီး ခရီးစဉ်အတွင်း အခက်အခဲများကြားမှ ကြံ့ကြံ့ခံကာ ဝါရှင်တန်ဒီစီအထိ လျှောက်လှမ်းလာခြင်းဖြစ်သည်။

ရဟန်းတော်များ၏လမ်းလျှောက်ခရီးစဉ်တွင် အာလောကအမည်ရ ခွေးလေးလည်း ပါဝင်လိုက်ပါခဲ့ပြီး ယခုခရီးစဉ်တွင် ပါဝင်လမ်းလျှောက်ကြသည့် ရဟန်းတော်များမှ ဗီယက်နမ်၊ ထိုင်း၊ လာအို၊ မြန်မာနိုင်ငံတို့မှ ဆရာတော်များဖြစ်ပြီး မြန်မာဘုန်းတော်ကြီးတစ်ပါးမှလွဲကာ ကျန်ဘုန်းတော်ကြီးများမှာ အိန္ဒိယနိုင်ငံတွင်လည်း ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို ပြုလုပ်ခဲ့ပြီးသူများဖြစ်သည်။

တက္ကဆက်ပြည်နယ်မှ မြို့တော်ဝါရှင်တန်ဒီစီသို့ မိုင်ပေါင်း ၂၃၀၀ ကျော် လျှောက်လှမ်းလာသည့် “ငြိမ်းချမ်းရေးခရီးစဉ်” (Walk for Peace) မှာ သုံးလကျော် (ရက်ပေါင်း ၁၀၈ ရက်) ကြာမြင့်ခဲ့ပြီး ဇန်နဝါရီလနောက်ဆုံးပတ်တွင် အလွန်ပြင်းထန်သောနှင်းမုန်တုန်းကြားထဲ အေးခဲသော ရာသီဥတုကို ကြံ့ကြံ့ခံကာ တစ်ရက်မှမရပ်နားဘဲ လျှောက်လှမ်းလာကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသည့် ရဟန်းတော်များ၏ ခရီးစဉ်ကို အမေရိကန်တစ်ဝန်းက ပြည်သူများစွာကလည်း လေးစားကြည်ညို၍ အားပေးထောက်ခံကြပြီး ဆိုးရွားသည့်ရာသီဥတု ကြုံတွေ့နေသည့်တိုင် ရက်ပေါင်း ၁၀၈ ရက်အတွင်း မြို့ပေါင်းများစွာတွင် ရဟန်းတော်များကို အချိန်ကြာမြင့်စွာ လာရောက်စောင့်ဆိုင်းကာ နှုတ်ဆက်ကြခြင်း၊ အားပေးကြခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

“ဒီလောက်ငြိမ်သက်ပြီး အေးချမ်းနေတဲ့လူစုလူဝေးကြီးကို မမြင်ဖူးဘူး။ နွေးထွေးတာတွေ ဘာမှမဝတ်ထားဘဲနဲ့ အေးခဲနေတဲ့ရာသီဥတုမှာ မရပ်မနား မိုင် ၂၃၀၀ ကျော်ကို လမ်းလျှောက်လာတာ မယုံနိုင်အောင်ပါပဲ။ ဆရာတော်ရဲ့ စကားတွေက ကျွန်မရဲ့ နေ့စဉ်ဘ၀နေထိုင်မှုအတွက် တကယ့်ကို ငြိမ်းချမ်းစေအောင် ဘယ်လိုနေရမလဲကို သိလိုက်ရတာ သိပ်တန်ဖိုးကြီးလွန်းပါတယ်” ဟု အမေရိကန်လူမျိုးအမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ဒီဖြစ်ရပ်ဟာ အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ မှတ်တမ်းတစ်ခုအဖြစ် တွင်ကျန်ခဲ့မှာပါ။ ဆရာတော်တွေရဲ့ငြိမ်းချမ်းရေးခရီးစဉ်ကနေ ဆရာတော်တွေ ဖြစ်စေချင်တဲ့ ပေးချင်တဲ့ မက်ဆေ့ချ်(သတင်းစကား)ကို အမေရိကန်ပြည်သူတွေ၊ ကမ္ဘာအဝှမ်းကလူတွေ ရမယ်လို့လည်း ထင်ပါတယ်”ဟု ယင်းနေရာသို့ လာရောက်သည့်မြန်မာလူမျိုးတစ်ဦးက ပြောကြားသည်။

ဦးဆောင်ဆရာတော်ဘိက္ခုပညာကာရနှင့် ရဟန်းတော်များသည် ခရီးစဉ်အစတွင် ဖိနပ်လုံး၀မစီးဘဲ လျှောက်လှမ်းလာကြခြင်းဖြစ်ပြီး လမ်းခရီးတွင် ဆီးနှင်းမုန်တိုင်းကို ကြုံတွေ့ရပြီး ဆိုးရွားလှသည့် ရာသီဥတုဒဏ်ကြား နှင်းစီးဖိနပ်ကို ရက်ပိုင်းသာ စီးကာ ဖိနပ်အပါးနှင့်သာ သင်္ကန်းကို အထပ်ထပ်ရုံကာ မြို့တော်ဝါရှင်တန်ဒီစီအထိ ခရီးနှင်လာခြင်းဖြစ်သည်။

လမ်းလျှောက်ရဟန်းတော်များအားလုံးသည် ဆွမ်းစားဖို့အတွက် သပိတ်ကိုသာသုံးပြီး အဖွဲ့ဝင်အားလုံးသပိတ်ယူရကာ မြေပြင်ပေါ်တွင် အခင်းတစ်ခုခုခင်းကာ လဲလျောင်းအိပ်စက်ခြင်းကိုသာ ခရီးစဉ်တစ်လျှောက် လုပ်ဆောင်လာခဲ့ကြခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ကို အမေရိကန် တက္ကဆက်ပြည်နယ် Fort Worth မြို့မှ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်ခဲ့ပြီး ၀ါရှင်တန်ဒီစီအထိ မိုင်ပေါင်း၂၃၀၀ လျှောက်လှမ်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article