26 C
Yangon

စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုပျက်စီးသူများအတွက် ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူခွင့်ရရှိရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများထံသို့ ငွေကျပ်သိန်းချီ ပေးမှအဆင်ပြေ

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုပျက်စီးသူများအတွက် ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်းများ အထူးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများထံသို့ ငွေကျပ်သိန်းချီ ပေးမှအဆင်ပြေကြောင်း အိမ်ပြိုကျပျက်စီးခဲ့ပြီး အသစ်ပြန်ဆောက်ရန် ကြိုးစားနေကြသည့် ငလျင်ဘေးသင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အိမ်အဆောက်အအုံများ ပြိုကွဲပျက်စီးခဲ့သည့် မိသားစုများကို ထောက်ပံ့ကြေးလိုချင်ပါက လျှောက်ထားရန်၊ နေအိမ်များ ပြန်လည် တည်ဆောက်လိုပါက ဆောက်လုပ်ရေးပစ္စည်းများဖြစ်သည့် သံ၊ သွပ်၊ ဘိလပ်မြေများ အထူးစျေးနှုန်း လျှောက်ထားဝယ်ယူနိုင်သည်ဟု ကြေညာကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ ထောက်ပံ့ကြေးရရှိရေးနှင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် လျှောက်ထားရာတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၏ ထောက်ခံချက် ရရှိရေး ငွေကျပ် သိန်းချီ လာဘ်ငွေပေးနေရကြောင်း သိရှိရသည်။

“ငလျင်ကြောင့် အိမ်ပြိုလို့ ထောက်ပံ့ကြေးလျှောက်မယ်ဆိုရင် ရပ်ကွက်ရုံးကို ငွေ ၅ သိန်း ပေးရမယ်။ ခေါင်းစဉ်က တော့ ရပ်ကွက်ရန်ပုံငွေ ခေါင်းစဉ်နဲ့ အလှူငွေကောက်တာ။ ထောက်ခံစာတစ်စောင်ကို ၂ သိန်းပေးရတယ်။ နောက်ပြီး ထွေ/အုပ်ကနေ ဘိလပ်မြေ၊ သံ၊သွပ် အိမ်ဆောက်ပစ္စည်း ဝယ်ယူခွင့်ကိုလည်း ထောက်ခံစာ သွားတောင်းတာက ၂ သိန်း၊ ကျန်တဲ့ ထောက်ခံစာတွေလည်း အဲဒီလိုပဲ အမျိုးမျိုးတောင်းတာ။ ထောက်ပံ့ကြေးက မရသေးဘူး။ သူတို့ကို အရင် လာဘ်ထိုးရတာ။ ထောက်ခံစာကလည်း အမျိုးမျိုး တောင်းတာ။ ထောက်ခံစာအမျိုးမျိုး အတွက်လည်း ပေးရတာလည်း မနည်းမနောပေးရတယ်” ဟု စစ်ကိုင်းမြို့နယ်မှ ငလျင်ဘေးသင့် ပြည်သူတစ်ဦးက ပြောဆိုသည်။

ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်း ဝယ်ယူခွင့်များရရှိချိန်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက် ရန်ပုံငွေဟုဆိုကာ ထပ်မံ၍ အလှူခံကြောင်း၊ ယင်းအပြင် အခြားသော ရပ်ကွက်ရေးရာ အသုံးစရိတ်များအတွက်လည်း မကြာခဏ လာရောက် အလှူခံနေကြောင်း၊ ထိုသို့တောင်းခံမှုများကို မလှူပါက ပြဿနာဖြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုသော ကြောင့် ငွေကြေးများ ပေးဆောင်နေရကြောင်း သိရှိရသည်။

“ပြိုသွားတဲ့ အိမ်အလိုက် ထောက်ပံ့ကြေးက သိန်း ၅၀ ကနေ သိန်းရာချီအထိ ရကြတယ်။ အဲဒါကို ရပ်ကွက်က ရမှန်းသိတဲ့အခါ အလှူဆိုပြီး ရန်ပုံငွေ ထည့်ပါဦး။ ဘာပွဲရှိလို့ ၊ ဆွမ်းလောင်းမို့ ထည့်ပါဦးနဲ့ အကြိမ်ကြိမ် လာအလှူခံတယ်။ ရပ်ကွက်က ထောက်ခံပေးထားလို့ ဒီလို ထောက်ပံ့ကြေးရတာပေါ့။ မထည့်ရင် ပြဿနာဖြစ်မယ်ဆိုတာမျိုး ခြိမ်းခြောက်တော့ ထည့်နေရတယ်” ဟု မန္တလေးမြို့မှ ငလျင်ဘေးသင့် အထပ်မြင့်တိုက်တာပိုင်ရှင်တစ်ဦးက ဆိုသည်။

ယင်းအပြင် ငလျင်ဘေးသင့် အိမ်ပျက်စီးသူများက ရပ်ကွက်ထောက်ခံချက်ဖြင့် အထူးနှုန်းဖြင့် ဝယ်ယူရရှိသော ဘိလပ်မြေ၊ သွပ်နှင့်သံများကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ရာခိုင်နှုန်းဖြင့် ပြန်လည် တောင်းယူပြီး ဆောက်လုပ်ရေးပစ္စည်းများကို ဆိုင်များသို့ ပြန်လည်ရောင်းချနေမှုများလည်းရှိကြောင်း သိရှိရသည်။

“ငလျင်ဘေးအတွက် အိမ်ပြန်ဆောက်ဖို့ဆိုရင် အထူးနှုန်းနဲ့ ဘိလပ်မြေ၊ သံ၊ သွပ် နဲ့ အိမ်ဆောက်ပစ္စည်းတွေ ရောင်းပေးတယ်။ အပြင်ထက် အများကြီးသက်သာတယ်။ အဲဒါဆိုရင်လည်း ရပ်ကွက်ရုံးက သူတို့ ထောက်ခံစာ ထုတ်ပေးရတော့ ရာခိုင်နှုန်းနဲ့ ပြန်တောင်းတာ။ ဥပမာ ဘိလပ်မြေ အိတ် ၁၀၀ ဝယ်လို့ရရင် ရပ်ကွက်ရုံးကို ၁၀ အိတ် လှူပေးရတယ်။ အဲဒါမျိုးတွေ ဖြစ်နေတာ” ဟု စစ်ကိုင်းမှ ငလျင်ဘေးသင့် ပြည်သူက ဆက်လက်ရှင်းပြသည်။

စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်း အထူးနှုန်းဖြင့် ရောင်းချသော အစီအစဉ်များ အပေါ် မူတည်၍ အမြတ်ထုတ်မှု၊ ငွေကြေးတောင်းခံမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံသို့ တိုင်ကြားသော်လည်းတစ်စုံတစ်ရာ အရေးယူမရှိဘဲ တိုင်ကြားသူများမှာ ထောက်ပံ့ကြေး မရရှိခြင်း၊ အိမ်ဆောက်ပစ္စည်း ဝယ်ယူခွင့် ဆုံးရှုံးခြင်းများ ကြုံရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article