ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင် ချောင်းကြီးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် တိုက်ပွဲအတွင်း အထိနာပြီး မြို့ပေါ် ပြန်လည် ဆုတ်ခွာသွားပြီးနောက် ဘော်ဗဒါန်းရွာဘက်သို့ ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း မိုးကုတ်စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ချောင်းကြီးရွာနှင့် ရှမ်းကုန်းစံရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၈၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော စစ်တပ် စစ်ကြောင်းက မိုးကုတ်မြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားပြီး ဘော်ဗဒါန်းရွာသို့ ထပ်မံ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ရှိချိန်ထိ မိုးကုတ်မြို့ပေါ်တွင် အင်အား ရာနှင့်ချီ၍ စုဖွဲ့မှု ပြုလုပ်နေကြောင်း သိရှိရသည်။
“ဖေဖော်ဝါရီလ ၈ ရက်နေ့ တိုက်ပွဲက စစ်ခွေး ၈၀ လောက် သေတယ်လို့ သိရတယ်။ အဲစစ်ခွေးတွေက ချောင်းကြီးနဲ့ ကုန်းစံဘက်ကို ဆက်မထိုးနိုင်တော့လို့ မိုးကုတ်မြို့ပေါ်ကို ပြန်ဆုတ်သွားပြီ အခုက စစ်ခွေးတွေ ဘော်ဗဒါန်းရွာဘက်ကို တဖန်ထိုးဖို့ ပြင်ဆင် စုဖွဲ့နေတာလို့သိရတယ်။ အခုထိတော့ မြို့ပေါ်မှာပဲ စုဖွဲ့မှု လုပ်နေတုန်းပဲ” ဟု မိုးကုတ်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် မိုးကုတ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေပြီး အကြမ်း ဖက် စစ်တပ်က စစ်ကြောင်း ထပ်မံ ထိုးလာပါက တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း၊ ထို့ပြင် မိုးကုတ်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်နိုင်ရန် ဌာနဆိုင်ရာရုံးများကို ဖွင့်လှစ်ရန် ပြုလုပ်နေကြောင်း သိရှိရသည်။
မိုးကုတ်တွင် စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုး၍ လုပ်ဆောင်နေသော်လည်း တော်လှန်ရေးတပ်များက ပျောက် ကြားစနစ်ဖြင့် တိုက်ခိုက်နေသဖြင့် စစ်တပ်က အပြီးသတ် နယ်မြေစိုးမိုးရေး မလုပ်ဆောင်နိုင်ဘဲ အထိနာလျက်ရှိကြောင်း၊ တော်လှန်ရေးတပ်များကလည်း မြို့ပြင်နေရာများမှ စစ်တပ်တပ်စွဲထားသော နေရာများသို့ ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ လက် နက်ကြီးနှင့်ရှော့တိုက်ဒုံးများ ဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
အလားတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းကလည်း မိုးကုတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ တိုက် ပွဲ ၁၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးကာ ၃ ဦး အရှင်ဖမ်းမိပြီး မိုးကုတ်မြို့နယ်အတွင်းမှ ကျေးရွာ ၁ ခုနှင့် စိုးမိုးကုန်း ၁ ခုတို့ကို PDF တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မိုးကုတ်မြို့သို့ စစ်ကြောင်းကားများဖြင့် ယမန်နှစ် နှောင်ပိုင်း ညအချိန် ပြန်လည်ဝင်ရောက်ခဲ့သော အကြမ်းဖက်စစ်တပ်ယာဉ်တန်း။




