ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ်ထန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ် ဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်ခန့်အချိန် ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ်ထန်းကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှု ရှိပြီး နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိကြောင်း သိရှိရသည်။
“စစ်ခွေးတွေက ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ်ထန်းကျေးရွာအတွင်းကို တံတားဦးတက် ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ပွဲမရှိဘဲ ဗုံးကျဲတိုက်ခိုက်သွားတာပါ။ ပြည်သူတွေရဲ့ အဆောက်အဦးတွေ၊ မီးလောင်ထိခိုက် ပျက်စီးတယ်ဆိုတာကိုတော့ သိရပါတယ်။ အရေတွက်ကိုတော့ မသိရသေးဘူး။ ပြည်သူတွေ အထိအခိုက်ရှိတယ်လို့ သိထားရပြီး ထိခိုက်ဒဏ်ရာရ အခြေအနေနဲ့ပက်သတ်လို့ အတည်မပြုနိုင်သေးဘူး” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူက ပြောဆိုသည်။
ပြည်သူများ အနေဖြင့် လေကြာင်း အသိသတိ အမြဲရှိကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က နှိုးဆော်ထားသည်။
အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အတူ မကွေးတိုင်း၊ စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာတွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းက စလင်းမြို့နယ် ဇီးဖြူပင်ကျေးရွာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စလေမြို့နယ်အခြေစိုက် ခမရ ၄၁၆ တပ်ရင်းက လက်နက်ကြီး ၆လုံးနဲ့ထုပါ။ မြစ်အနောက်ဘက်မှာ သွားကျတာ ၂ လုံး၊ ကျန် ၄ လုံးကမြစ်ကမ်းနားဘေးလို့ သိရတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
၂၀၂၅ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း စလင်းမြို့နယ် ကျွဲကျောင်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က တောင်ကန်ကျေးရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ- စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ကျေးရွာများ မီးလောင်နေစဉ်။




