ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို ရိုက်နှက်ဖမ်းဆီးပြီး ပြည်သူတချို့ သတ်ဖြတ်ခံရကာ ပဲခင်းကျော်ရွာကို မီးရှို့ပျက်စီးနေပြီး စက်တပ်လေထီးများဖြင့်လည်း ဗုံးပတ်ကျဲနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် တောင်သာမြို့နယ် ရုံးစည်ကြီးရွာ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ယင်းနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဒါန်းတိုင်ရွာကို ဝင်ရောက် စီးနင်းကာ ကျေးရွာစာသင်ကျောင်းအတွင်း တပ်စွဲပြီး ရွာထဲ၌ ပိတ်မိနေသော ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်း အဖြစ် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၇ မိနစ်ခန့်တွင် ပဲခင်းကျော်ရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့နေကြောင်း၊ ထို့ပြင် ကျေးရွာအတွင်း ပိတ်မိနေသော ပြည်သူများကိုလည်း ဆက်လက် ဖမ်းဆီးခဲ့ပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကနဦး သိထားရသော်လည်း စစ်ကြောင်းရှိနေသောကြောင့် ကျေးရွာအတွင်း ဝင်ရောက် အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဗိဿနိုး တောင်ပေါ်ကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေပြီး မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးကလည်း တောင်သာမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အခု စစ်ခွေးစစ်ကြောင်းက ပဲခင်းကျော်ရွာကို ရောက်ရှိပါတယ်။ သူတို့ ရွာတွေထဲမှာ ပိတ်မိနေတဲ့ ဖမ်းဆီးလာတဲ့ပြည်သူတွေကို အကုန်မှောက်ခိုင်းပြီး ဝိုင်းရိုက်နေကျတယ်လို့ သိရတယ်။ ကျနော်တို့ ကနဦး သိရတာ စစ်ခွေးတွေ ရိုက်သတ်လို့ ပြည်သူ ၃ ဦးသေဆုံးတယ်လို့တော့ သိထားရတယ်။ စစ်ခွေးစစ်ကြောင်းက ရွာထဲကမထွက်သေးတော့ မျက်မြင်အတည်မပြုနိုင်သေးဘူး။ ကနဦး ကြားထားတာပဲရှိသေးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)




