ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အလူးလေးကျေးရွာအုပ်စုအတွင်း ဗိုလ်မှူးအောင်ဇော်မိုး ဦးစီးသော အင်အား ၂၀၀ ခန့်ပါဝင်သည့် ခမရ-၂ နှင့် ခလရ-၈ ပူးပေါင်းထားသော စစ်ကြောင်း နှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ ဖိုးဝါးသိမ်ရွာနှင့် ညောင်ထောက်ရွာ အကြားတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ယင်းနေ့ နံနက် ၉ နာရီခန့်တွင် ၎င်း စစ်ကြောင်းက ညောင်ထောက်ရွာသို့ဝင်ရောက်၍ ပြည်သူလူထုပိုင်နေအိမ်များကို ဖောက်ထွင်းမွှေနှောက်ကာ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် ဆိုင်ကယ် ၆ စီး တို့ကို အတင်းအဓမ္မသိမ်းယူခဲ့ပြီး နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။
ထို့နောက် ၎င်းစစ်ကြောင်းသည် ညောင်ထောက်ရွာမှ ပြန်လည်ထွက်ခွာသွားပြီး အလူးကြီးရွာသို့ ထပ်မံ ဝင်ရောက်ကာ ပြည်သူလူထုပိုင်နေအိမ်များကို ဖောက်ထွင်းမွေနှောက်၍ အိမ်အသုံးအဆောင်ပစ္စည်းများ ဆိုင်ကယ် ၃ စီး၊ လက်ကိုင်ဖုန်း ၄ လုံး၊ Power Bank ၃ လုံး နှင့် ငွေသား ၅ သိန်းကျပ် တို့ကိုလည်း ခိုးယူသွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများကို အင်အား ၂၅၀ ဝန်းကျင်ခန့်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကွင်းရွာအနီးဝန်းကျင်တွင် တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများ နေထိုင်သည့် ကျေးရွာကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရှိရသည်။
ထိုသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကွင်းရွာမှ အသက် ၆၀ နှစ်အရွယ် ဦးစောနောင် ဇနီးဖြစ်သူ အသက် ၆၅နှစ်အရွယ် ဒေါ်မအေး နှင့် မုက္ခမော့ရွာမှ အသက် ၆၅နှစ် အရွယ် ဦးအေးသိန်း တို့ ၃ ဦး သေဆုံးခဲ့ပြီး စစ်ကွင်းရွာတွင်နေထိုင်သည့် ဦးစောနောင်၏ သား အသက် ၁၄ နှစ်အရွယ် သက်မိုးအောင် ၊ မုက္ခမော့ရွာမှ အသက် ၇၂ နှစ်အရွယ် ဦးခင်စိန် နှင့် အသက် ၁၅ နှစ်အရွယ် မောင်စိုင်းကြယ်စင် တို့ ၃ ဦး လက်နက်ကြီး ထိမှန်၍ ဒဏ်ရာရရှိကာ အခိုင်ရွာတွင် နေထိုင်သည့် အသက် ၅၀ နှစ်အရွယ် ဦးကြက်ဥကိုလည်း အကြမ်းဖက် စစ်သားများက ပစ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေသောကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတော ကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုတို့အတွင်းရှိ ရွာပေါင်း ၁၉ ရွာ မှ ပြည်သူ ၁၂၉၃၀ ဦးကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင် ပြည်သူများ အရေးပေါ်လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများဖြစ်သည့် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ် လျက်ရှိကြောင်း သိရှိရသည်။






