ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA မှ ပြန်ကြားရေးတာဝန်ခံကိုကျားပျံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA ထံသို့ အလင်းဝင်ရောက်လာကြောင်း၊ အဆိုပါ အလင်းဝင်လာသူ ၂ ဦးသည် စစ်ကိုင်းမြို့ပေါ်တွင် နေထိုင်သူများဖြစ်ပြီး ၂၀၂၅ ခုနှစ် အောက်တိုဘာလ အတွင်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် ဗထူးရှိ တပ်မ ၃၃ တွင် စစ်မှုထမ်း အပတ်စဉ် ၁၈ သင်တန်း တက်ရောက်ခဲ့ရကြောင်း သိရသည်။
ထိုသို့ စစ်သင်တန်း တက်ရောက်ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်ရှိ တပ်မ ၅၅ ထံသို့ ပို့ဆောင် တာဝန်ပေးခံရစဉ် အလင်းဝင်လာခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ၎င်းတို့ကို DSNDA က နွေးထွေးစွာ ကြိုဆိုလက်ခံထားကာ လုံခြုံရေးအရ အမည်နှင့် နေရပ်လိပ်စာအသေးစိတ်ကို ထုတ်ဖော်ခြင်းမရှိဘဲ လွတ်လပ်စွာ ထားရှိပေးထားကြောင်း သိရသည်။
“အလင်းဝင်လာက ဒီလ ၁၀ ရက်နေ့ကပါ။ ပေါ်တာဆွဲခံရတာပါ။ လက်နက်ခဲယမ်းတော့မပါလာဘူး။ စစ်မှုထမ်းတပ်သားသစ် ၂ ဦးက အပတ်စဉ် ၁၈ လို့သိရတယ်။ စစ်ကိုင်းမြို့ပေါ်ကလမ်းပေါ်မှ ဖမ်းဆီးခံရတာပါ။ စစ်သင်တန်းတက်ခဲ့တာတော့ ဗထူး တပ်မ၃၃လို့ပြောပါတယ်။ ဗထူး တပ်မ၃၃ မှာ သင်တင်းတက်ခဲ့ရပြီး တပ်မ၅၅ထံသို့ပို့ဆောင်တာဝန်ပေးခံရတာပါ။ အဲ့နေရာတွေက ရှမ်းပြည်နယ်တောင်ပိုင်းရပ်စောက်မှာရှိတာပါ။ အမည်ကတော့သူတို့လုံခြုံရေးအရထုတ်ဖော်လို့မရပါဘူး။ အသက်ကတော့ ၂ ယောက်လုံး ၂၈ ပါ။ နေရပ်တွေကာ စစ်ကိုင်းကပါ အသေးစိတ်တော့ ပြောလို့မရဘူး။ သူတို့ ၂ ဦးကို လွတ်လွတ်လပ်လပ်ပါပဲထားပါတယ်။ ချုပ်နှောင်ထားခြင်းလည်းမရှိသလို ကျွန်ုပ်တို့ရဲဘော်တွေနဲ့အတူ ပေါ့ပေါ့ပါးပါးပဲ ထားထားပါတယ်။ ကျန်တဲ့စစ်သားတွေကိုလည်း မှားမှန်းသိသိနဲ့ဆက်မမှားကြပါနဲ့လို့ ပြောချင်ပါတယ်” ဟု ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA မှ ပြန်ကြားရေးတာဝန်ခံကိုကျားပျံက ပြောဆိုသည်။
ယင်းသို့ အလင်းဝင်ရောက်လာသူ ၂ ဦးကို ၎င်းတို့ ဆန္ဒအတိုင်း DSNDA က ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ထပ်မံ အလင်းဝင်ရောက်လာမည့်သူများကိုလည်း နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး ပြည်သူ့ဘက်ကို ရပ်တည်ကြရန် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် DSNDA က တိုက်တွန်း ထားသည်။




