34 C
Yangon

စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ အကျပ်အတည်း ရင်ဆိုင်နေရပြီး လူငယ်များမှာ တိုင်းပြည်ကို စွန့်ခွာနေကြသော်လည်း ကမ္ဘာကြီးက မေ့လျော့နေဟု ကာဒီနယ်ချားလ်စ်ဘို ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာ မြန်မာနိုင်ငံတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဘက်ပေါင်းစုံ အကျပ် အတည်းများ ရင်ဆိုင်နေရပြီး လူငယ်များမှာ တိုင်းပြည်ကို စွန့်ခွာနေကြသော်လည်း ကမ္ဘာကြီးက မေ့လျော့ နေကြောင်း မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်၊ ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ပြောဆိုလိုက်သည်။

ခရစ်ယာန် ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်မောင်ဘိုက ဗာတီကန်မီဒီယာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်မှာ အဆုံးသတ်မည့်အရိပ်အယောင်မရှိသေးဘဲ ပြည်တွင်းစစ်ဒဏ်ကို ခံစားနေရသည့်အပြင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အကျပ်အတည်းများဖြင့် အတိဒုက္ခရောက်နေကြောင်း၊ မြန်မာနိုင်ငံတွင် လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး လူငယ်အများအပြားမှာလည်း ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၊မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံ အကျပ်အတည်း (Polycrisis)’ နှင့် ရင်ဆိုင်နေရကြောင်း ကာဒီနယ်ချားလ်စ်ဘိုက ပြောဆိုသည်။

ပြည်တွင်းတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်း၊ အလုပ်အကိုင် အခွင့် အလမ်းများ ဆုံးရှုံးမှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းနေမှုများကြောင့် လူငယ်များမှာ ပြည်ပသို့ ထွက် ပြေးနေရကြောင်း၊ လူမှုရေးအကျပ်အတည်း၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းနှင့် မျိုး ဆက်တစ်ခုလုံး ၅ နှစ်စာ ပညာသင်နှစ်များ ဆုံးရှုံးခဲ့ရသည့် ပညာရေးအကျပ်အတည်းများစွာ ဖြစ်ပွားနေကြောင်း ၊ စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ မြန်မာနိုင်ငံကို အထူးသဖြင့် လူငယ်များကြားတွင် ကြောက်ရွံ့မှု၊ ပင်ပန်းနွမ်းနယ်မှုနှင့် နက်ရှိုင်းသော မရေရာမှုများ လွှမ်းမိုးနေသည့် နိုင်ငံတစ်ခုဖြစ်လာနေကြောင်း ၎င်းက သတိပေးသည်။

“မျှော်လင့်ချက်သည် သေဆုံးမသွားသေးသော်လည်း လက်ဝါးကပ်တိုင်မှာ အတင်ခံထားရသည် (Crucified)” ဟု ၎င်းက ပြောဆိုသည်။

ပြည်သူလူထု၏ ယေဘုယျ စိတ်ခံစားချက်မှာ ရှုပ်ထွေးပြီး အထူးသဖြင့် လူငယ်များကြားတွင် နေ့စဉ်ဘဝမှာ မလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် အနာဂတ်အပေါ် ယုံကြည်မှု ပျောက်ဆုံးခြင်းများ ကြုံတွေ့နေရကြောင်း ၊ ပဋိပက္ခများ၊ ပျံ့နှံ့နေသော အကြမ်းဖက်မှုများ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် အတင်း အဓမ္မ စစ်သားစုဆောင်းခံရမည့် ခြိမ်းခြောက်မှုများ အပါအ၀င် မလုံခြုံမှုများက လူငယ်များကြားတွင် စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ဖိအားများကို မြင့်တက်စေကြောင်း ကာဒီနယ်ချားလ်စ်ဘိုက ဆိုသည်။

“လူငယ်တွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းလိုလို ကြောက်ရွံ့မှုတွေနဲ့ ရှင်သန်နေကြရတယ်” ဟု ကာဒီနယ်ချားလ်စ်ဘိုက ရှင်းပြသည်။

မြန်မာပြည်သူများမှာ ပညာရေး၊ အလုပ်အကိုင် အလားအလာများနှင့် ပုံမှန်လူမှုဘဝများမှာ ပျက်စီးနေကြောင်း၊ ပြည်သူများက စိတ်ပျက်အားငယ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အကူအညီမဲ့ခြင်းတို့ကို ထုတ်ဖော်ပြောဆိုနေကြပြီး၊ စစ်အာဏာမသိမ်းမီ နှစ်များနှင့် နှိုင်းယှဉ်ပါက ဒေါသထွက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခများ သိသိသာသာ မြင့်တက်လာကြောင်း ၎င်းက ရှင်းပြသည်။

“အရမ်းနည်းတဲ့ သူတွေပဲ ပုံမှန်ဘဝရဲ့ ခံစားချက်ကို ရရှိနေကြတော့တယ်” ဟု ၎င်းက မှတ်ချက်ပြုပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန် စဉ်းစားနေသူ သို့မဟုတ် ထွက်ခွာသွားပြီးသူ ဦးရေမှာလည်း တိုးပွားနေကြောင်း ဖြည့်စွက်ပြောကြားသည်။

မကြာသေးမီက ကျင်းပခဲ့သော စစ်တပ်၏ ရွေးကောက်ပွဲများတွင်လည်း လူငယ်မဲဆန္ဒရှင်များကြား ပါဝင်မှုနည်းပါးခဲ့ပြီး အများအပြားမှာ နိုင်ငံရေးအရ စိတ်ပျက်အားငယ်နေကြကြောင်း ချားလ်စ်မောင်ဘိုက ဆိုသည်။

“မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေး၊ အသက်မွေးဝမ်းကြောင်း၊ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုတွေ အပါအဝင် လုံခြုံမှုများစွာ ဆုံးရှုံးခဲ့ရပါတယ်။ မိသားစုတွေဟာ သူတို့ဆီမှာ ရှိသမျှ အနည်းငယ်လေးကို ဆက်လက်မျှဝေနေကြပါတယ်။ သူတို့တွေ အတူတူ ဆုတောင်းနေကြဆဲပါ ” ဟု ၎င်းက ဆက်လက်ပြောကြားသည်

ကမ္ဘာကြီးက လျစ်လျူရှုထားကြောင်း၊တစ်ချိန်တည်းမှာပင် မြန်မာပြည်သူအများအပြားမှာ မေ့လျော့ခြင်းခံထားရသည်ဟု ခံစားနေကြရကြောင်း ချားလ်စ်မောင်ဘိုက ဝန်ခံခဲ့သည်။

“ဆင်းရဲဒုက္ခခံစားရတဲ့ နှစ်တွေဟာ သိသာထင်ရှားတဲ့ အပြောင်းအလဲမရှိဘဲ ကုန်ဆုံးသွားခဲ့ပါပြီ” ဟု ၎င်းက ဆိုသည်။ အလွန်အမင်း အကြမ်းဖက်မှုများ ဖြစ်ပွားသည့် အချိန်များမှလွဲ၍ နိုင်ငံတကာ၏ အာရုံစိုက်မှုမှာ မှေးမှိန်သွားလေ့ရှိသည်ဟု ဆိုသည်။

အင်အားကြီး နိုင်ငံတကာ အဖွဲ့အစည်းများ၏ တိတ်ဆိတ်မှု သို့မဟုတ် သတိကြီးစွာ ထားရှိမှုတို့သည် ပိတ်ဆို့အရေးယူမှုများနှင့် ထိတွေ့ဆက်ဆံမှု လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော အထီးကျန်မှုတို့နှင့် ပေါင်းစပ်ကာ သာမန်ပြည်သူအများအပြားကို စွန့်ပစ်ခံထားရသည်ဟု ခံစားရစေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ဗာတီကန်၏ မေ့လျော့ခြင်းကို မခံရကြောင်း၊ ပုပ်ရဟန်းမင်းကြီးက မြန်မာ့အရေးအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြောင်း ၎င်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article