34 C
Yangon

စစ်အာဏာသိမ်းမှု ၅ နှစ်အတွင်း ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး စီးပွားရေးကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေး ပါမောက္ခရှောင်တာနယ်ပြောဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုမှစ၍ ၅ နှစ်တာကာလအတွင်း မြန်မာ ကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းထိ ထိုးကျသွားခဲ့ပြီး စီးပွားရေးတစ်ခုလုံး ကပ်ဘေးသင့်ကာ ကမ္ဘာ့အပယ်ခံနိုင်ငံအဖြစ်သို့​ ရောက်ရှိသွားကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အထူးအကြံပေး ပါမောက္ခ ရှောင်တာနယ် (Sean Turnell) က ပြောဆိုသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ The Sydney Institute တွင် ကျင်းပပြုလုပ်သော “၂၀၂၆ ခုနှစ် မြန်မာနိုင်ငံ၏ အနာဂတ် ဘာဖြစ်လာမလဲ” (Myanmar in 2026: What is the future?) ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းမှု ၅ နှစ်တာအတွင်း မြန်မာနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) သည် ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပြီး အဆိုးရွားဆုံး ဆင်းရဲနွမ်းပါးမှုနှုန်းမှာလည်း နှစ်ဆတိုးမြင့်လာခဲ့ကြောင်း၊ အလုပ်လက်မဲ့နှင့် အလုပ်အကိုင်မလုံလောက်မှုများ အဆမတန် မြင့်တက်လာခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုများနီးပါး လုံးဝပြိုလဲသွားခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ငွေဖောင်းပွမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ယင်းသည် ကုန်ဈေးနှုန်းတည်ငြိမ်လေ့ရှိသည့် အာဆီယံနိုင်ငံများ၏ ပျမ်းမျှနှုန်းထက် ၁၀ ဆခန့် ပိုမိုမြင့်မားနေကြောင်း ၊ မြန်မာကျပ်ငွေတန်ဖိုး ၈၀ ရာခိုင်နှုန်းကျဆင်းပြီး နိုင်ငံခြားကြွေးမြီ ၂ ဆတိုးလာကြောင်း၊ အကြွေးဟောင်းများကိုလညး မဆပ်နိုင်ဘဲ တင်နေသဖြင့် မြန်မာနိုင်ငံသည် ကြွေးရှင်များအပေါ် ကြွေးမြီပျက်ကွက် (Default)သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ပါမောက္ခရှောင်တာနယ်က ပြောသည်။

လက်ရှိ စစ်တပ်က ငွေစက္ကူများ ရိုက်ထုတ်ကာ အသက်ဆက်နေရပြီး ယင်းနည်းလမ်းသည် ရှေးရိုးစွဲဖြစ်သော်လည်း အလွန်ပျက်စီးစေသည့် နည်းလမ်းဖြစ်ကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ ထိုကြောင့် ငွေဖောင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်နေခြင်းမှာ အံ့သြစရာမဟုတ်ကြောင်း ၎င်းက ဆိုသည်။

ပါမောက္ခရှောင်တာနယ်က လက်ရှိ မြန်မာနိုင်ငံမှ အဓိက တင်ပို့နေရသည်မှာ လူများ၊ မငြိမ်မသက်မှုများနှင့် ပိုမိုဆိုးရွားလာသည့် ရာဇဝတ်မှုများသာ ဖြစ်ကြောင်း၊ နယ်စပ်ဒေသများတွင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam centers) လုပ်ငန်းများ အကြီးအကျယ် ပေါ်ပေါက်လာပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများ အခြေစိုက်ရာ နေရာတစ်ခုဖြစ်လာကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံ တကာအသိုင်းအဝိုင်းအတွင်း “အပယ်ခံနိုင်ငံ” (Pariah nation) အဖြစ် ပြန်လည်ရောက်ရှိနေပြီး စီး ပွားရေးပိတ်ဆို့မှုများမှာလည်း မြန်မာနိုင်ငံအပေါ် ပြင်းထန်စွာ တကျော့ပြန် ရှိနေကြောင်း ၎င်းက ထောက်ပြသည်။

မြန်မာနိုင်ငံသည် ယနေ့ခေတ်တွင် တရုတ်နိုင်ငံ၏ ဩဇာသက်ရောက်မှု အလွန်မြင့်မားသည့် အခြေ အနေသို့ ရောက်ရှိနေပြီး ယင်းအခြေအနေသည် ယခင်က စစ်တပ်ကိုယ်တိုင် ကြောက်ရွံ့ခဲ့သည့် အခြေအနေမျိုး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာစစ်တပ်က နှစ်ပေါင်း ၆၀ ကျော် စီးပွားရေးကို ဖျက်ဆီးလာခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ပြီးနောက်ကာလတွင် စက်မှုနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်မည့် နိုင်ငံအဖြစ် ခန့်မှန်းခံခဲ့ရသော်လည်း ယနေ့တွင် ထိုင်း၊ မလေးရှား၊ စင်ကာပူတို့နောက် အပြတ်အသတ် ကျန်ရစ်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

စစ်တပ်အနေဖြင့် ပြသနိုင်သည့် စီးပွားရေးအောင်မြင်မှု မရှိသကဲ့သို့ အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေး ပိုမိုပျက်စီးသွားခြင်းကြောင့် လူမှုစီးပွား ကဏ္ဍ တွင်လည်း လုံးဝ ရှုံးနိမ့်နေပြီဖြစ်ကြောင်း ပါမောက္ခရှောင်တာနယ်က သုံးသပ်ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article