29 C
Yangon

ပေါက်ခေါင်းတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်နေ၍ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ၊ ရှပ်ပုံရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို ဝင်ရောက် ပစ်ခတ်နေ၍ ပြည်သူများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်ခေါင်းမြို့နယ်အတွင်း ချင်းလည်ဂိတ်ဘက်မှ ပေါက်ခေါင်း – အုတ်တွင်း လမ်းအတိုင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်သည် ကား ၂ စီးဖြင့် ဘော်ဒါအထိုင်စခန်းသို့ ရိက္ခာများ သွားရောက်ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ရိက္ခာပို့ပြီးအပြန်တွင် ညောင်ဝင်းကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း သိရှိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ညောင်ဝင်းကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းက ပေါက်ခေါင်း – အုတ်တွင်း လမ်းအတိုင်း စစ်ကြောင်းထိုးလာတာပါ။ ပေါက်ခေါင်း – အုတ်တွင်း အစပ်က ဘော်ဒါအထိုင်စခန်းကို ချင်းလည်ဂိတ်ကနေ စစ်ခွေးတွေက ကား ၂ စီးနဲ့ ရိက္ခာတွေ သွားပို့ပြီး ပြန်ဆင်းလာပြီးတော့ ညောင်ဝင်းရွာထဲကို ဝင်မွှေတာ နောက်ပြီး စစ်ခွေးတွေက ကျေးရွာတွေကိုလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ရှပ်ပုံရွာကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃ လုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ပုလောမြို့နယ် ရှပ်ပုံရွာကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၃ လုံးမီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက ရှပ်ပုံရွာကို ၁၁ ရက်နေ့ ညပိုင်းက မီးထပ်ရှို့တာ နေအိမ် ၃ လုံးပြာကျသွားတယ်။ အဲခွေးစစ်ကြောင်းက အခုထိ ရွာထဲမှာရှိနေတုန်းဆိုတော့ ပျက်စီးမှု အခြေအနေကတော့ အသေးစိတ်မသိရသေးဘူး။ အရင်မီးရှို့တုန်းကတော့ ရွာထဲက နေအိမ် ၈၀ လောက် ပြာကျထားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၉ ရက်နေ့၊ ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ဇန်နဝါရီလ ၃၁ ရက်နေ့တို့ကလည်း ရှပ်ပုံရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ် ၈၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article