ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဦးတည်စစ်ကြောင်းထိုးလာသော စစ်တပ်ကို ချင်းတော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်လျက်ရှိပြီး လက်နက်ခဲယမ်အများအပြားကိုလည်း သိမ်းဆည်းရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ စစ်တပ်စစ်ကြောင်းကို ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်းများ၊ လက်နက်ကြီးကျည်များကို သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
“လက်နက်ခဲယမ်းတွေကတော့ မနေ့က သိမ်းဆည်းရရှိတာ။ နယ်မြေရှင်းလင်းရင်းနဲ့ လက်နက်ခဲယမ်းတွေ ရရှိတာဖြစ်ပါတယ်။ တိုက်ပွဲတွေကတော့ နေ့တိုင်းဖြစ်နေတယ်။ ချင်းတော်လှန်ရေးတပ်ပေါင်းစုတွေအားလုံးက ခုခံစစ်ဆင်နွှဲနေပါတယ်” ဟု CNA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တိုက်ပွဲကာလ ၂ လအတွင်း စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့်အထိ အရာရှိ ၉ ဦးအပါအဝင် စစ်သား ၂၀၀ ခန့်သေဆုံးပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ Salai Nai John Kim က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့သည်။
“ဖလမ်းကို ဦးတည်ပြီး စစ်ကြောင်းထိုးနေတာက စစ်ကြောင်းတွေ ခွဲပြီး သူတို့က ထိုးနေတာ။ နိုဝင် ဘာလနှောင်းပိုင်းလောက်ကတည်းက စစ်ခွေးတွေက စစ်ကြောင်းထိုးနေတာ။ လန်ကျသွားလိုက် ပြန်တက်လာလိုက်နဲ့ကို စစ်ကြောင်းထိုးနေတာ။ နောက်ကလည်း ရိက္ခာနဲ့စစ်ကူတွေကို စစ်တပ်က တောက် လျှောက်ဖြည့်နေတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလမှ ယနေ့အချိန်အထိ ကလေးမြို့ – ဖလမ်းမြို့ လမ်းပိုင်းကို စိုးမိုးနိုင်ရေးအတွက် ဖလမ်းမြို့ဘက်သို့ ထိုးစစ်ဆင် ချီ တက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဖလမ်းမြို့အနီး နေရာ ၃ ခုမှ ချင်းတော်လှန်ရေးတပ်များက တိုက်ခိုက် ချေမှုန်းလျက်ရှိရာ ယခု ဖေဖော်ဝါရီလလယပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ အရာရှိ ၉ ဦးအပါအတင် စစ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းများလည်း အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ၊ ဆက်ပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်၏ ဒရုန်းအချို့ကိုလည်း ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းက တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၉ ရင်းမှ ထုတ် နုတ်စုဖွဲ့ထားသည့် စစ်ကြောင်းဖြစ်ပြီး အင်အားထောင်ချီ အသုံးပြုကြောင်း၊ ထိုသို့ ထိုးစစ်ဆင်တိုက် ခိုက်နေသည်မှာ ၄ လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကာလအတွင်း အကြမ်းဖက်စစ်တပ်က Fighter Jet နှင့် Y-12 တို့ဖြင့် အကြိမ် ၅၀ ကျော် ပျံသန်းကာ ဗုံးထောင်ချီကျဲခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်ဘက်က အသေခံဒရုန်း အပါအဝင် ဒရုန်းများ ကို အဓိကအသုံးပြုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် မြေပြင်၊ ဝေဟင် သာလွန်အင်အားဖြင့် ဆက်တိုက်ထိုးစစ်ဆင်နေသော် လည်း အများအပြား ထိခိုက်သေဆုံးလျက်ရှိကာ စစ်ကူများလည်း ထပ်မံပို့ဆောင်နေကြောင်း သိရှိရသည်။






