ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များနှင့် စစ်တပ်အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖားကန့်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်ပြီး စစ်တပ်နှင့် KIA တပ်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာမှ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း၊ အဓိကအားဖြင့် ဖားကန့် မရှီကထောင်ရပ်ကွက်နှင့် လုံးခင်းကျေးရွာဘက်တွင် စစ်တပ်နှင့် KIA တပ်များအကြား အပြင်းအထန် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊သိရှိရသည်။
“တိုက်ပွဲ အဓိက ဖြစ်နေတာက လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာဘက်မှာ လက်နက်ကြီး၊လက်နက်ငယ် မျိုးစုံပဲ အသံတွေ။ နောက်ပြီး နမ္မဖြစ်ကျေးရွာဘက်မှာ ကား ၁ စီး လက်နက်ကြီးကျတာလား၊ မိုင်းမိတာလားမသိဘူး မီးလောင်သွားတယ်။ လုံးခင်း ကျေးရွာအုပ်စု ငြိမ်းချမ်းသာကုန်းဘက်မှာတော့ အဓိက တိုက်ပွဲဖြစ်နေတာ။ တိုက်ပွဲကတော့ ဘာပြင်းသလဲ ။ နေ့ရော ညရော တအုန်းအုန်းတဒိုင်းဒိုင်းပဲ” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ခွန်ဆာကုန်းအနီးတွင် နေထိုင်သော ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်လည်း လေယာဉ်ဖြင့် ကင်းထောက်ခြင်းများ ရှိနေသဖြင့် လေကြောင်း အန္တရာယ် စိုးရိမ်နေရကြောင်း သိရှိရသည်။
“ဖားကန့်တပ်မကုန်းကလည်း လက်နက်ကြီးတွေ မကြာမကြာ ထုနေတယ်။ ဒီရက်ပိုင်း ဖားကန့်မှာ လက်နက်ကြီးသံကတော နေ့ရော ညပါ ညံနေတာပဲ။ လမ်းပိုင်းတွေလည်း သွားလာမရဘူး ပိတ်ထားတယ်။ ဖားကန့်မြို့ပေါ်မှာကတော့ ပြည်သူတွေ အသွားအလာ နည်းတယ်။ အခြေအနေ စောင့်ကြည့်နေကြတာ။ စစ်တော့ မရှောင်သေးဘူး” ဟု ဖားကန့်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဖားကန့်မြို့တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပရန် ပြင်ဆင်ခဲ့စဉ် လက်နက် ကြီးများပစ်ခတ်၍ တိုက်ပွဲများဖြစ်ပွားသည့်အတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ ပျက်သွား ပြီးနောက် KIA ၊ KPDF တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများအတွင်းသို့ အင်အားအလုံး အရင်းဖြင့် စစ်ကြောင်း ထိုးလှုပ်ရှားလာကြောင်း၊ ယင်းနောက် နှစ်ဖက်က်အပြန်အလှန်ပစ်ခတ်တိုက်ပွဲ နေ့စဉ်ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အရပ်သားပြည်သူလူထုကို လေကြေင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိနေကြောင်း သိရသည်။
ဓာတ်ပုံ- CJ ။






