ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း၊ ကံမ္မရဲမြို့ မြို့မ ရဲစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်အချိန် ကမ္မမြို့ မြို့မရဲစခန်းမှထွက်လာပြီး ကမ္မစျေးတွင် ပြည်သူပိုင်ပစ္စည်းများခိုးယူနေသော အင်အား ၂၀၀ခန့်ရှိသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး ရဲဘော်များက ကြားဖြတ်တိုက်ခဲ့ကြောင်း၊ အဆိုပါထိတွေ့တိုက်ပွဲဖြစ်ပွားမှုမှာ ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦးသေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာရှိသူများလည်းရှိပြီး တော်လှန်ရေး ရဲဘော်များဘက်မှ အထိအခိုက်မရှိကြောင်းသိရှိရသည်။
“စစ်ခွေးတွေက ကံမ္မမြို့ မြို့မ ရဲစခန်းနဲ့ စာသင်ကျောင်းနဲ့ ပေါင်းပြီးထွက်လာတာ၊ အဲဒီမှာ ထိတွေ့ စဖြစ်တာပဲ၊ စစ်ခွေးဘက် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာမျိုး မရှိဘူး။ စစ်တပ်က အင်အားတအားများတော့ ၀င်လုံးလို့မရဘူး။ ကံမ္မမြို့ထဲ ဈေးနားမှာ တိုက်ခိုက်ခဲ့တာပါ။ လက်ရှိမှာ စစ်ခွေး စစ်ကြောင်းက ညောင်ဂျစ်ပင် ပျူစောထီးစခန်းမှာ ရှိနေတယ်။ ထပ်ပြီး စစ်ကြောင်းထိုးမယ့် အနေအထားမှာရှိသေးတယ်”ဟု Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ABSDF အမှတ်(၃) စစ်ကြောင်း ၊ ကံမ္မတပ်ပေါင်းစု ၊ PCစစ်ကြောင်း ၊ မကွေးPDF ၊ မြို့နယ်ပြည်သူ့လုံခြံရေးအင် အားစု ၊ SAFတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




