ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် စစ်တပ်အရာရှိများ၏ ပိုင်ဆိုင်မှုများ၊ စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း နှင့်ဦးပိုင်ကုမ္ပဏီအပါအဝင် စစ်တပ် စီးပွား ရေးလုပ်ငန်းများကို သိမ်းဆည်းပြီး ရိုဟင်ဂျာမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် နစ်နာကြေးပေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က မြန်မာစစ် တပ်၏ ထိပ်သီးခေါင်းဆောင်များထံမှ နစ်နာကြေးများရရှိရန်နှင့် ၎င်းတို့၏ စီးပွားရေးပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတစ်ခုတွင် အရပ်ဘက်ဆိုင်ရာ တရားစွဲဆိုမှုတစ်ခုကို တင်သွင်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ လျှောက်လဲချက်သည် မြန်မာစစ်တပ်ခေါင်းဆောင်များ၏ စီးပွားရေးပိုင်ဆိုင်မှုများကို ဖော် ထုတ်သိမ်းဆည်းပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ထိခိုက်နစ်နာခဲ့ရသည့် ရိုဟင်ဂျာများအတွက် ပြန်လည်ပေးလျော်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယခုတရားစွဲဆိုမှုကို ကမ္ဘာ့မည်သည့်နေရာတွင်မဆို ကျူးလွန်သည့် လူမျိုးတုံးသတ်ဖြတ်မှုကဲ့သို့သော ကြီးလေးသည့် ရာဇ၀တ်မှုများကို မည်သည့်နိုင်ငံကမဆို တရားစွဲဆိုခွင့်ရှိသည်ဟူသော “Universal Jurisdiction” (တစ်ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) မူဝါဒအရ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
BROUK ၏ လျှောက်လဲချက်တွင် မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်းတို့အပါအဝင် ထိပ်သီးခေါင်းဆောင်များကို အမည်တပ်ကြောင်း၊ ထို့ပြင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာစီးပွားရေးဦးပိုင်လီမိတက် (MEHL) ကဲ့သို့သော စစ်တပ်ပိုင် လုပ်ငန်းစုကြီးများနှင့် ၎င်းတို့နှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို သိမ်း ဆည်းရန် တရားရုံးကို တိုက်တွန်းထားသည်။
BROUK ဥက္ကဋ္ဌ ထွန်းခင်က “ဒါဟာ ဖိနှိပ်ခံနေရတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းအတွက် တရားမျှတမှုရရှိဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ရိုဟင်ဂျာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမျိုးတုံးသတ်ဖြတ်မှုကို ခံစားခဲ့ရပြီး နစ်နာကြေးရပိုင်ခွင့် ရှိပါတယ်” ဟု ပြောကြားသည်။
မြန်မာ့အရေး ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာဇာနည်က ယခုကဲ့သို့ အာဂျင်တီးနားတရားရုံး၏ အမှုသည် သမိုင်းတွင် ထူးခြားသည့် အခြေအနေတစ်ခုဖြစ်သော်လည်း လက်တွေ့အကောင် အထည်ဖော်ရန် ခက်ခဲနိုင်ကြောင်း သုံးသပ်သည်။
“စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေက ဒီနစ်နာကြေးတွေကို ပေးလျှော်ဖို့အတွက် တရားရုံးအမိန့်ကို လိုက်နာမှာမဟုတ်ဘူး။ ဒါကြောင့် အမေရိကန်အစိုးရက ထိန်းချုပ်ထားတဲ့ မြန်မာစစ်တပ်ရဲ့ ဒေါ်လာ ၁ ဘီလီယံနီးပါးကို အသုံးပြုနိုင်ဖို့က ပိုပြီး အကျိုးသက်ရောက်မှုရှိနိုင်တယ်” ဟု ၎င်းက ဆိုသည်။
၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော စစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် လူပေါင်း ၇၅၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး ကုလသမဂ္ဂနှင့် အမေရိကန်အစိုးရတို့က အဆိုပါဖြစ်ရပ်ကို “လူမျိုးတုံးသတ်ဖြတ်မှု” နှင့် “လူမျိုးစုလိုက် သုတ်သင်မှု” ဟု တရားဝင် သတ်မှတ်ထားသည်။
လက်ရှိတွင် ရိုဟင်ဂျာ ၁ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသူများသည်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည် တွင်းစစ်ဒဏ်နှင့် တင်းကျပ်သည့် ကန့်သတ်ချက်များကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။




