ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
စစ်တိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှားကွဲရွာလမ်းဆုံရှိ ကုန်စုံဆိုင်ကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံး ကျဲချတိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံးမီးလောင်နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၄ မိနစ်ခန့်အချိန် ဝက်လက်မြို့နယ် ၊ ရှားကွဲရွာ အနောက် ဘက် တောကြီးတောတိုက် အနီးတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒရုန်း ၁ စီးဖြင့် အမှတ် ၃ ကားလမ်းမကြီး အရှေ့ဘက် ရှားကွဲလမ်းစုံတောင်ဘက်တွင်ရှိသော တောက်ပကြယ် ကုန်စုံဆိုင်ပေါ်ကို မီးလောင်းဗုံး ကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၂ လုံး မီးလောင်နေကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ရှားကွဲရွာ အနောက်ဘက်ရှိ တောကြီးတောတိုက်အနီးမှ စစ်ဘေးရှောင် ပြည်သူများ၏တောတဲများကိုလည်း ဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းများကို ခိုးယူကာ ထုံးဘိုရွာအတွင်းကို ကားများဖြင့် ယူဆောင်သွားကြောင်း၊ လက်ရှိချိန်တွင် စစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရှိရသည်။
“ဝက်လက်မြို့နယ်၊ အရှေ့မြောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ ခွေးတွေက ဒီနေ့ မွန်းလွဲပိုင်းမှာ အမှတ် ၃ ကားလမ်းမကြီး အရှေ့ဘက် ရှားကွဲလမ်းစုံတောင်ဘက်မှာရှိတဲ့ တောက်ပကြယ် ကုန်စုံဆိုင်ပေါ်ကို မီးလောင်းဗုံး ကျဲချလို့ နေအိမ် ၂ လုံးမီးလောင်နေတယ်။ စစ်ရှောင် တောတဲတွေထဲက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း စစ်ခွေးတွေက ခိုးယူသွားတယ်။ အခုခွေးတွေက လက်နက်ကြီးတွေနဲ့ အနီးအနားက ရွာတွေကို ရမ်းသမ်းပစ်ခတ်နေတယ်” ဟု Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ပြော ဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြင်းရှိ ကျေးရွာများကို စစ် ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ထုံးဘိုရွာ ၊ ရှားကွဲရွာ ၊ ရေဂမိုးရွာ ၊ ရွာသစ်ရွာ ၊ လှေပိုဆိပ်ရွာ နှင့် သစ်ဆိပ်ရွာတို့၌ တပ်ဖြန့်ထားသောကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဝက်လက်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်းပိုင်းမှ စတင်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကာ ရွာတော်ကုန်းရွာ ၊ တမာကုန်းရွာ ၊ ထုံးဘိုရွာ ၊ မူးကြီးရွာ ၊ တံတားဦးရွာ ၊ လှတောရွာ ၊ ရွေကျင်ရွာ ၊ ခေါတောရွာ ၊ စိုင်နိုင်လေးရွာ ၊ လိန်ပင်ရွာ ၊ မြင်တော်ရွာ ၊ ဦးတည်ကုန်းရွာ၊ ပင်ဇင်းရွာ၊ ကျီးကန်မြောက်ရွာ၊ ဘုရားပြန်ရွာ၊ သရက်ကြီးရွာ၊ ရွာသစ်ရွာနှင့် ရေဂမိုးရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ညောင်ဂွေးဝကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ၂၂ မှ တက်လာသော စစ်တပ်၏ စက်တပ်လေထီးများသည် ဆိပ်ဖြူမြို့နယ် ညောင်ဂွေးဝကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူး။ နေအိမ်ပျက်စီးသွားတာမျိုးရှိမရှိကို ကျွန်တော်တို့ ဆက်လက် စုံစမ်းဆဲပါ။ ညောင်ဂွေးဝကျေးရွာဝန်းကျင်ကို ကျဲသွားတာပါ။ စစ်ခွေးတွေက ဗုံး ၃လုံးနဲ့ ကျဲသွားတာပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနိုင်ဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။




