ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ရန်ကုန်မြို့တွင် သင်္ဘောသားအရာရှိ သင်တန်းတက်ရောက်ပြီးနောက် မိသားစုရှိရာ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်သို့ ပြန်လာသည့် သင်္ဘောသား အရာရှိ ကိုခန့်စည်သူကို စစ်တပ်က စစ်မှုထမ်းအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသောကိုခန့်စည်သူ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာတွင် နေထိုင်သော ကိုခန့်စည်သူသည် ရန်ကုန်မြို့တွင် သင်္ဘောသားအရာရှိ သင်တန်းတက်ရောက်ပြီး ဆားလင်းကြီးမြို့နယ်သို့ ပြန်လာစဉ် စစ်ကိုင်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ပဲကတိုးစစ်ဆေးရေးဂိတ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော ကိုခန့်စည်သူသည် သင်္ဘောသားတစ်ဦး ဖြစ်ပြီး မိသားစုကိုလုပ်ကိုင် ကျွေးမွေးနေသူဖြစ်ကြောင်း၊ ၎င်းတွင် ဇနီး နှင့် အသက် ၁ နှစ် ၃ လအရွယ်သမီး ၁ ဦး ရှိကြောင်း၊ မိခင်ဖြစ်သူမှာလည်း သားဖြစ်သူကို အားကိုးအားထားပြု၍ နေထိုင်နေရခြင်းဖြစ် ကြောင်း၊ မိသားစုဝင်များ၏ စားဝတ်နေရေး၊ ကျန်းမာရေးကိစ္စအားလုံးကို ကိုခန့်စည်သူက တာဝန်ယူထားခြင်းဖြစ်ပြီး ဇနီးဖြစ်သူနှင့် မိခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းကြောင်း သိရှိရသည်။
ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကိုခန့်စည်သူ၏ ဇနီးဖြစ်သူ မဖြူသင်းခိုင်က စစ်ကိုင်းခရိုင် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နှင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ စစ်မှု ထမ်း ဆင့်ခေါ်ရေးအဖွဲ့တို့ကို စစ်မှုတာဝန်ထမ်းဆောင်ခြင်းမှ ခေတ္တယာယီ ဆိုင်းငံ့ပေးရန် အသနာခံစားများ ပို့ဆောင်ထားကြောင်း သိရသည်။
“မိသားစုဝင်တွေက စစ်မှုထမ်းပေါ်ဆွဲဖမ်းဆီးတာကို ခေတ္တယာယီ ဆိုင်းငံ့ပေးဖို့ အသနာခံစားတွေ ပို့ထားတာ ဘာအကြောင်းမှ မပြန်သေးဘူးလို့ သိရတယ်။ သူ့ကို ဖမ်းထားတာတော့ စစ်ကိုင်း တပ်မ ၃၃ ထဲမှာ ဖမ်းထားတယ်လို့ကြားတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေနေကတော့ ဆိုင်ကယ် မတော်တဆဖြစ်ထားလို့ ခြေထောက်မှာ စတီးရိုး ထည့်ထားရတာပါ။ သူက သင်္ဘောသား အရာရှိသင်းတန်းကို ရန်ကုန်မှာ တက်နေတာ အဲ့ကနေအပြန်မှာ အဲ့လို အဆွဲခံရတာပါ။ သူက တစ်ဦးတည်းသေားသားဖြစ်တော့ သူ့အမေအတွက်ကြတော့လည်း သူတစ်ယောက်ထဲရှိတာပြီးတော့ သူ့မှာ မိန်းမနဲ့ ကလေးလေးလည်းရှိတယ်” ဟု ကိုခန့်စည်သူ၏ မိတ်ဆွေတစ်ဦးက ပြောဆိုသည်။
လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က ကိုခန့်စည်သူကို စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာန ချုပ်အတွင်း ဖမ်းဆီးထားပြီး မိသားစုဝင်များကိုလည်း တွေ့ခွင့်မပေးဘဲ အကြောင်းကြား ပြောဆိုခြင်းလည်း မရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် ကာလ စစ်အာဏာသိမ်းမှု ဆန့်ကျင်သော ပြည်သူတချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။
Photo- Agency




