25 C
Yangon

နတ်တလင်းမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်သေဆုံး၊ ဂန့်ဂေါတွင် စစ်သား ၁ ဦး သေနတ်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ၂ ရက်ဆက် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း နတ်စစ်သည် အဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသစစ်ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီးရှိ မျှော်တော်တောင်၊ ရွာသာယာရွာနှင့် ကွင်းစမ်းရွာတို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်ညိုမြို့သစ်ရှိ နေအိမ်များ၊ ဈေးတန်းများ အပါအဝင် ရွာသာယာရွာနှင့် ကွင်းစမ်းရွာတို့ရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

“တောင်ညိုမြို့သစ် အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ခွေးတွေနဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်တာ အဲတိုက်ပွဲမှာ စစ်ခွေး ၁၀ ကောင် ထက်မနည်း ထိခိုက်သေဆုံးတယ်။ တိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ခွေးတွေက တောင်ညိုမြို့သစ်၊ ရွာသာယာရွာနဲ့ ကွင်းစမ်းရွာက နေအိမ်တွေကို မီးရှို့သွားတာ နေအိမ် ၃၀ ကျော်လောက် မီးလောင်ပြာကျသွားတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်ကပြောဆိုသည်။

ထိုတိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက တော်လှန်ရေး တပ်ဖွဲ့များကို ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိသေးပေ။

ထို့ပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အမြောက်တပ်မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဂန့်ဂေါတောင်ပိုင်းတိုက်နယ် ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ဂန့်ဂေါမြို့နယ်၊ အမြောက်တပ်မှ စစ်သားတစ်ဦးသည် လက်နက် ၁ လက်ယူဆောင်လာပြီး ဂန့်ဂေါမြို့နယ် တောင်ပိုင်းတိုက်နယ်ပကဖထံသို့ အလင်းဝင် ရောက်ခဲ့သဖြင့် ဆုငွေများပေးခဲ့ကြောင်း၊ ထို့အပြင် စစ်တပ်အတွင်းမှ ထွက်ပြေးနိုင်ရန် ကူညီပေးသူ ကိုလည်း ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပကဖက ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

“လက်ရှိကတော့ ကျနော်တို့ တိုက်နယ် ပကဖကနေ တတ်နိုင်သဘောက်ထောက်ပံ့ပေးထားပါတယ်။ အလင်းဝင်လာသူကတော့ တော်လှန်ရေးမှာ သူ့ရဲ့ဆန္ဒအရ တာဝန်ထမ်းဆောင်နေပါတယ်။” ဟု ဂန့် ဂေါ တောင်ပိုင်းတိုက်နယ် ပကဖမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article