ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ပဲခင်းကျော်ရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးထားကာ စစ်တပ်က မြုပ်နှံထားသော စစ်သား အလောင်း ၁ ခုလည်း ရှာတွေ့ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကစတင်ပြီး ပဲခင်းကျော်ကျေးရွာ၌ ရောက်ရှိတပ်စွဲထားသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ မူလတန်းကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် ပြည်သူပိုင် နေအိမ် ၅၀ ကျော်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများ၏ ကောက်ပဲသီးနှံများကိုလည်း ၁၂ ဘီးကားများဖြင့် သယ်ဆောင်သွားပြီး ၎င်းတို့ သယ်ဆောင်သွားခြင်းမရှိသော မြေပဲနှင့် ပဲစင်းငုံ အိတ်များကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ဆိုင်ကယ်များကိုလည်း ရေကန်အတွင်း ပစ်ချထားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မြုပ်နှံထားသော စစ်သား အလောင်း ၁ ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များလည်း ထိတွေ့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တပ်လေထီးများဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်သွားကြောင်း သိရသည်။
“စစ်ခွေး စစ်ကြောင်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့တည်းကစပြီး ရုံးစည်ကြီးရွာ ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာ အဲစစ်ကြောင်းက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလည်း လုပ်ဆောင်သွားတယ်။ ၁၃ ရက်နေ့မှာ စစ်ခွေးတွေက ပဲခင်းကျော်ကို မီးရှို့ဖျက်ဆီးတာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျသွားတယ်။ နောက်ပြီး စစ်ခွေးတွေ မြေမြုပ်သွားတဲ့ နေရာကိုလည်း ရှာကြည့်တာ စစ်ခွေးအလောင်း ၁ ခုကိုတွေ့ခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မင်းတည်းရွာဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နကူး-အုန်းပင်တောရွာ အကြားမှ အောင်သာရွာ အနောက်တောင်ဘက်သို့ရောက်ရှိလာပြီး တောင်ယာလုပ်နေသော ပြည်သူ ၅ ဦးကို ဖမ်းဆီးခေါ်ဆောင်လာပြီး အောင်သာရွာသို့ရောက်ရှိနေကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။






