By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်ကိုင်းတိုင်းအတွင်း ဆူပူသောင်းကျန်းမှုတွေ ပေါများနေတာဟာ အသိပညာနဲ့ အတတ်ပညာအားနည်းမှုတွေကြောင့်ဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်က သူ့ရဲ့ထုံးစံအတိုင်း အပြစ်တင်ပြောဆိုလာပြန်ပါတယ်။
မန္တလေးတိုင်း၊ တောင်သာမြို့နယ်က အရပ်သားပြည်သူတွေနေထိုင်ရာ ပဲခင်းကျော်ရွာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အလုံး ၅၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၅ ဦးကိုလည်းဖမ်းဆီးထားတဲ့အပြင် စစ်တပ်က မြုပ်နှံထားတဲ့ စစ်သား အလောင်း ၁ လောင်းကိုလည်း ရှာတွေ့ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
ရန်ကုန်မြို့က သာကေတမြို့နယ် ၈ ရပ်ကွက်မှာ မဘသနှင့်အမျိုးသားရေးအစွန်းရောက် တင်ဌေးအောင် ဆိုသူ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်လာပြီးတဲ့နောက် စစ်မှုထမ်း ပေါ်တာဆွဲမှုတွေနဲ့ ငွေညှစ်မှုတွေ အလွန်ဆိုးရွားလာနေပြီး ၊ မုံရွာမြို့မှာလည်း စတိတ်ရှိုးပွဲသွားတဲ့ လူငယ် အယောက် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန် နဲ့ အီရန်ကြား သဘောတူညီချက်တိုင်းမှာ နျူကလီးယားအခြေခံအဆောက်အအုံတွေ အပြီးတိုင် ဖျက်သိမ်းရမယ်လို့ အစ္စရေးက တောင်းဆိုလိုက်မှုကြောင့် ဒေသတွင်းစစ်ရေးတင်းမာမှုတွေ ဆက်လက်မြင့်တက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




