ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အရှေ့ပိုင်းနှင့်အနောက်ပိုင်းသို့ ကူးသန်းသွားလာပါက စစ်တပ်က ဂိတ်ကြေးဟုဆိုကာ ကောက်ခံနေသဖြင့် တစ်ကြိမ်ကူးသန်းသွားလာလျှင် ပြည်သူ တစ်ဦးအတွက် ငွေကျပ် ၂ သောင်းကျခန့် ကုန်ကျနေကြောင်း ဒေသနေပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုကြောင့် TNLA ၏ အကူအညီဖြင့် မိုးကုတ်မြို့အတွင်းဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းကြား၌ ဂိတ်ဖွင့်ကာ မှတ်ပုံတင်၊ ဆိုင်ကယ်လိုင်စင်၊ သယ်ယူလာသောပစ္စည်း၊ ကျောက်၊ လျှပ်စစ်ပစ္စည်းစသည်ကို စစ် ဆေးကာ အကြောင်းအမျိုးမျိုးပြ၍ ၅ ထောင်ကျပ်၊ ၁ သောင်းကျပ်တောင်းနေကြောင်း၊ အသွား အပြန်တစ်ကြိမ်လျှင် ငွေကျပ် ၂ သောင်းကျပ် ကုန်ကျနေကြောင်း သိရ သည်။
“မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့အနောက်ပိုင်းကူးရတာ၊ အသွားအပြန်ဆိုရင် တစ်သောင်းကနေ ၂ သောင်း လောက်ကုန်ကျနေတယ်။ မှတ်ပုံတင်ပါရင် လိုင်စင်၊ လိုင်စင်ပါရင်အထုပ်၊ အထုပ်က ကျောက်ပါရင်ဖြစ်စေ၊ ကျောက်မပါရင်ဖြစ်စေ လျှပ်စစ်ပစ္စည်း၊ ဟိုပြော ဒီပြောနဲ့ တစ်စီးကို အနည်းဆုံး ၅ ထောင် ၁ သောင်း တောင်းတယ်။ တကယ်မဟုတ်တာလုပ်တဲ့သူတွေကတော့ ပိုက်ဆံပေးပြီး ဂိတ်ကို ကျော်သွားကြတယ်။ စစ်တပ်ဂိတ်တွေမှာ ၁ ရက်ကို အဲဒီလို ကောက်ယူနေတာ စစ်တပ်က သိန်းဆယ်ချီရလောက်တယ်။ ထိုင်တောင်းနေတာ” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
မိုးကုတ်မြို့နေပြည်သူများကလည်း မြို့တွင်း အခြေအနေကောင်းပြီဆိုကာ ပြန်လည်ဝင်ရောက်နေထိုင်ကြ သူများရှိကြောင်း၊ ယခင်က မိုးကုတ်တွင် စစ်တပ်ဂိတ်ကြေးပေးဆောင်ရခြင်းမရှိခဲ့သော်လည်း ယခုစစ်တပ်က ဝင်ရောက်လာ သည့်အခါ ဂိတ်ကြေးပေးနေရခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေ ရသော်လည်း အကြမ်းဖက်စစ်သားများအနေဖြင့် ပြည်သူထုထံက မတရားဆက်ကြေးကောက်ကာ ကြီးပွားချမ်းသာနေကြောင်း သိရသည်။
“မိုးကုတ်မှာ တစ်သက်လုံးတစ်ခါမှ မကြုံခဲ့ဘူးဖူး။ အရှေ့ပိုင်းနဲ့အနောက်ပိုင်းကူးရင် ဂိတ်ကြေးပေးရ တယ်ဆိုတာ မခါမှ မကြားခဲ့ဘူးဖူး။ အခုက ဂိတ်သဘောထိုင်လုပ်စားနေတာ။ ပြည်သူတွေ အကုန် ကြပ်၊ သူတို့အတွက်က ငွေတွင်းလိုဖြစ်နေတာ၊ တနေ့က ဆေးရုံရှေ့မှာ ကြုံခဲ့ရတာ။ စခတွေ ငွေကို ရှယ်ဖြုန်းနေတာ။ ပြည်သူတွေရဲ့ မသထာရေစာတွေနဲ့ စလော့ဂိမ်းတွေလည်း ဆော့နေတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောဆိုသည်။
မိုးကုတ်မြို့ကို စစ်တပ်က ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် TNLA လက်ထဲမှ လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။




