ရန်ကုန်၊ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် ၉ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက် ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျောက်ကြီးမြို့နယ် အတွင်းရှိ စစ်တပ်၏ ခလရ-၄၃၉ တပ်ရင်း၊ ခလရ-၅၉၈ တပ်ရင်း၊ ခလရ-၆၀ တပ်ရင်းနှင့် ခလရ-၃၅၁ တပ်ရင်းတို့မှ စစ်မှုထမ်းတပ်သားသစ် ၉ ဦးသည် တပ်မဟာ ၃ လက်အောက်ခံ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း (၃) ထံသို့ လက်နက်ချ အလင်း၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုစစ်မှုထမ်း တပ်သားသစ် ၉ ဦးမှာ ခလရ-၄၃၉ တပ်ရင်းမှ အသက် ၂၃ နှစ် အရွယ် ကျော်ဇေယျ ၊ အသက် ၄၁ နှစ်အရွယ် သက်ပိုင်စိုး ၊ အသက် ၂၉နှစ်အရွယ် စောကာဘီ ၊ အသက် ၂၃ နှစ်အရွယ် မင်းထက် ၊ အသက် ၃၅နှစ်အရွယ် ၊ ခလရ-၅၉၈ တပ်ရင်းမှ အသက် ၂၉နှစ်အရွယ် ကိုမျိုး ၊ ခလရ-၆၀ တပ်ရင်းမှ အသက် ၃၀နှစ်အရွယ် ဝင်းမြထူး၊ ခလရ-၃၅၁ တပ်ရင်းမှ အသက် ၂၃နှစ်အရွယ် အာကာကျော်ဝင်းနှင့် ခမရ-၅၃ တပ်ရင်းမှ အသက် ၄၀နှစ်အရွယ် အောင်မင်းစိုး တို့ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ လက်နက်ချ အလင်း၀င်လာသူများသည် ၎င်းတို့ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများ ဖြစ်ပြီး လက်ရှိချိန်တွင် ကရင်အမျိုးသားအစည်းအရုံးက ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်တွင်းရှိ အတင်း အဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်း၀င်ရောက်ကြရန် KNU က တိုက်တွန်းထားသည်။
အလားတူ ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း KNU ဘားအံခရိုင် တပ်မဟာ (၇) ထံသို့ စစ်တပ်၏ ခမရ-၅၄၈ မှ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသူ တပ်သား စည်သူဟိန်း နှင့် မောင်မောင်စိုးတို့ လက်နက်များ ယူဆောင်လာပြီး လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။






