26 C
Yangon

မြန်မာနိုင်ငံမြောက်ပိုင်း ကိုထိန်းချုပ်ရေးနှင့် စစ်ကိုင်းတိုင်းမှာ KIO ၏ တံခါးပေါက် ဆိုသော ဒုဗိုလ်ချုပ်ကြီး ဂွန်မော်၏မိန့်ခွန်းကြောင့် မင်းအောင်လှိုင် စစ်ကိုင်းတိုင်းနှင့်နာဂဒေသခရီးစဉ် ချက်ချင်းစီစဉ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

KIO အနေဖြင့် စစ်ကိုင်းတိုင်းကို အိမ်ခြံဝင်း တံခါးပေါက်အဖြစ် ရန်သူကို စောင့်မည်ဖြစ်ပြီး မြောက်ပိုင်းတစ်ခုလုံးကို ထိန်းချုပ်ရေး စစ်ရေးအရ ရည်မှန်းထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်းထွက်ပေါ် လာပြီးနောက် ရက်ပိုင်း အတွင်း မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းနှင့်နာဂခရီးစဉ်ကို ချက်ချင်းစီစဉ် ထွက်ခွာသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ ၆၅ နှစ်မြောက် ကချင့်တော်လှန်ရေး အထိမ်းအမှတ် ပြောဆိုခဲ့သော KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်းတွင် စစ်ကိုင်းတိုင်းမှာ KIO ၏ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်ပြီး ရန်သူကို စောင့်မည်ဖြစ်ကြောင်း၊ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နှင့်ကသုံးလုံး ဒေသဖြစ်သော ကသာ၊ ကန့်ဘလူ၊ကောလင်း ထိန်းချုပ်ကာ မြောက်ပိုင်းတစ်ခုလုံးထိန်းချုပ်ရေး စစ်ရေး ရည်မှန်းချက်ထားရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိန့်ခွန်း ထွက်ပေါ်လာပြီး ရက်ပိုင်းအကြာ ဖေဖော် ဝါရီလ ၁၅ ရက်နေ့မှစတင်ပြီး အကြမ်းဖက် မင်းအောင် လှိုင်က စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဒေသကိုလည်း ကောင်း၊ ဖေဖော်ဝါ ရီလ ၁၆ ရက်နေ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော လဟယ်နှင့်လေရှီးမြို့များသို့ သွားရောက်ကာ တွေ့ဆုံပွဲများ၊ တပ်နယ်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

“သူ့ ရဲ့ စစ်ကိုင်း ခရီးစဉ်က KIO ခေါင်းဆောင်ရဲ့ စစ်ရေးရည်မှန်းချက် ထုတ် ဖော်ပြောဆိုချက်တွေနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွယ်နေပါတယ်။ စစ်ကိုင်းခရီးစဉ်ကို စီစဉ်တာ KIO ဘက်က ပြောဆိုချက်တွေ ထွက်လာပြီးမှ ချက်ချင်းစီစဉ်တာလို့ သိရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်က ဆူပူသောင်း ကျန်းမှုများ ပေါများနေခြင်းမှာ စစ်ကိုင်းဒေသမှ ပြည်သူများတွင် အသိပညာနှင့် အတတ် ပညာအားနည်းခြင်းကြောင့်ဖြစ်ကြောင်း၊ စစ်ကော်မရှင်အနေဖြင့် စစ်တပ်နှင့်ရဲများကို စွမ်းအားမြှင့်တင်မည်ဖြစ်ပြီး စစ်ရေယာဉ်၊စစ် လေယာဉ်များကို အဆင့်မြှင့်တင်ခြင်းနှင့် ထပ်မံဖြည့်တင်းဆောင်ရွက်ခြင်းနှင့် ယာဉ်ယန္တရားများ၊ လက် နက်အသုံးအဆောင်ပစ္စည်းများ၊ ခေတ်နှင့်လျော်ညီသည့် စစ်ဘက်နည်းပညာများအား အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

KIO ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကိုင်းတိုင်းနှင့်ပတ် သက်၍ “အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်ခြံဝင်း တံခါးပေါက်ဖြစ်တဲ့ စစ် ကိုင်းတိုင်းမှာ ရန်သူကို စောင့်ရမယ်။ စစ်ကိုင်းတိုင်း မှာရှိတဲ့ အင်အားစုနဲ့ ကျနော်တို့ ကချင်အင်အားစုတွေက တံခါးပေါက်လုံခြုံရေးအတွက် သေချာပေါက်လုပ်ရမယ်လို့ ကျနော်တို့က ပြောတယ်။ ကျနော်တို့မှာ ကချင်ယူနစ်၊ နာဂယူနစ်၊ ချင်းယူနစ်နဲ့ NUG စစ်ကိုင်းတိုင်း အထက်ပိုင်း ကသုံးလုံးက Stable ဖြစ်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ဖြစ်လည်းဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။ ဒီအထက်ပိုင်း မြောက်ပိုင်း တစ်ခုလုံး Stable ဖြစ်သွားလို့ရှိရင် အောက်ပိုင်းကို အလွယ်တကူ ကျနော်တို့က ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါက စစ်ရေး ရည်မှန်းချက် ဖြစ်ပါတယ်” ဟုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- Reuters နှင့် AP ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article