ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် “ပေါ်တာဆွဲတာ အပြစ်မဟုတ်၊ စစ်မှုထမ်း မစုဆောင်းနိုင်လျှင် အပြစ်ဖြစ်မည်” ဟုဆိုကာ စစ်တပ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအကျပ် ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လှည်းကူးမြို့နယ်၊ အင်းတိုင်စံပြကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို စစ်တပ်၏ တပ်နယ်မှူးက စစ်မှုထမ်း လူငယ်များကို ရည်မှန်းချက် ပြည့်မီအောင် စုဆောင်းပေးရန် ခေါ်ယူပြောဆိုကြောင်း၊ ထိုသို့ ပြောဆိုရာတွင် “ပေါ်တာဆွဲတာ အပြစ်မဟုတ်ဘဲ စစ်မှုထမ်း မစုဆောင်းနိုင်လျှင် အပြစ်ဖြစ်မည်” ဟု အမိန့်ပေး ပေါ်တာဆွဲ ခိုင်းကြောင်း သိရှိရသည်။
“အုပ်ကြီးနဲ့အဖွဲ့က စစ်တပ်နဲ့အတူ ညရော နေ့ရော ဒီရက်ပိုင်းတွေ ပေါ်တာဆွဲတယ်။ လမ်းမှာ တွေ့တဲ့ လူငယ်မှန်သမျှ အကုန်ဖမ်းတယ်။ အုပ်ကြီးကတော့ တပ်က ပေါ်တာဆွဲတာ အပြစ်မဟုတ်ဘူး။ စစ်မှုထမ်း မစုဆောင်းနိုင်မှ အပြစ်ဖြစ်မှာမို့လို့ သူတို့ ဆွဲတာ၊ တပ်က ခိုင်းလို့ ဆွဲတာ ကြိုက်တဲ့သူ တိုင်နိုင်တယ်ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ် မိသားစုတွေကို ပြောတယ်” ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ် အင်းတိုင်ကျေးရွာမှာ စစ်တပ်တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားသော ဒေသဖြစ်ပြီး စစ်တပ် တပ်ရင်းဖြစ်သော ပလစ၊ ဆသရ၊ ပထအ၊ စရအ၊ ခမရ ၂၁၁ ၊ ၂၁၂၊ ၂၁၃ ၊သံချပ်ကာတပ်ရင်းများ ဝန်းရံထားသော ကျေးရွာလည်းဖြစ်သည်။
ယင်းကျေးရွာတွင် စစ်မှုထမ်းဟောင်းများနှင့် ကြံ့ဖွတ်ပါတီအများစုလည်း နေထိုင်ကြပြီး စစ်တပ်၏ စစ်မှုထမ်း ပေါ်တာဆွဲခံရသော လူငယ်များတွင် စစ်မှုထမ်းဟောင်းများနှင့်ကြံ့ဖွတ်မိသားစုဝင်များမှ လူငယ်များပါ ဖမ်းဆီးခံနေရကြောင်း သိရှိရသည်။
အလားတူ နေပြည်တော်-ပြည်လမ်းတွင်လည်း စစ်တပ်က ခရီးသည်တင်ကားများကို ရပ်တန့်ခိုင်းကာ ခရီးသွားလူငယ်မှန်သမျှကို ဖမ်းဆီး ပေါ်တာဆွဲနေကြောင်း မျက်မြင်ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေပြည်တော်မှ ပြည်မြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များကို အောင်လံမြို့အနီးတွင် စစ်တပ်၊ ပျူစောထီးများက ရပ်တန့်ခိုင်းကာ မှတ်ပုံတင်များ စစ်ဆေးကြောင်း၊ မှတ်ပုံတွင်တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်အမျိုးသားမှန်သမျှကို ရှေ့ဆက် ခရီးဆက်ခွင့် မပေးတော့ဘဲ စစ်ကားပေါ်တင် ခေါ်ယူသွားကြောင်း သိရှိရသည်။
“အောင်လံမြို့အထွက်ဂိတ်မှာ အရပ်ဝတ်နဲ့ စစ်ဝတ်နဲ့ရော ကားတွေ အကုန် တားဆီးပြီး စစ်တယ်။ မှတ်ပုံတင် ပြခိုင်းပြီး စစ်မှုထမ်း အသက်အရွယ် အကျုံးဝင်ရင် အကုန်ဆင်းခိုင်းပြီး ခေါ်တာ။ ငွေပေးနိုင်ရင်တော့ အရာရှိနဲ့ သွားညှိပြီး ပြန်လွှတ်တယ်။ မပေးနိုင်ရင်တော့ တစ်ခါတည်း ဖမ်းတာ။ ခရီးသည်တင်ကားတွေကို ရပ်ခိုင်းပြီး စစ်နေတာ” ဟု မျက်မြင်ကြုံတွေ့ရသူ တစ်ဦးက ရှင်းပြသည်။
အကြမ်းဖက်စစ်တပ်က ယခု ဖေဖော်ဝါရီလတွင် စစ်မှုထမ်း အပတ်စဉ် ၂၂ ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။




