26 C
Yangon

ထားဝယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သော နည်းပညာတက္ကသိုလ်အနီးရှိ ကျေးရွာများကို စစ်တပ်က သေ နတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းနေ၊ ကောလင်းတွင်လည်း ထောင်နှင့်ချီသော စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာလိုအပ်နေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီး တိုက်ပွဲပြင်းထန်ခဲ့သော ထားဝယ်နည်းပညာတက္ကသိုလ်အနားရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က သေနတ်ပစ်ဖောက်၍ ဝင်ရောက်စီးနင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ထားဝယ်နည်းပညာတက္ကသိုလ်အနားရှိ ကျေးရွာများကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည်လည်း ဘေးလွတ်ရာ ဆက်လက် တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ထိုစစ်တပ် စစ်ကြောင်းသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားစဉ်ကပင် ထားဝယ် နည်းပညာတက္ကသိုလ်အတွင်း ရောက်ရှိနေခြင်းဖြစ်ပြီး လက်ရှိချိန်ထိ စစ်ကြောင်း ပြန်လည် ဆုတ်ခွာခြင်းမရှိဘဲ ကျေးရွာများကို နယ်မြေရှင်းလင်းရေး ပြုလုပ်သည်ဟုဆိုကာ သေနတ်ပစ်ဖောက်၍ စီးနင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မနေ့က တိုက်ပွဲဖြစ်တည်းက ထားဝယ်မြို့ဘက်ကနေ လာတဲ့ စစ်ခွေးစစ်ကြောင်းက အခုထိမပြန်သေးဘူး။ ထားဝယ်တက္ကသိုလ်နားက ရွာတွေကို ဒီနေ့ နံနက်ပိုင်းကစပြီး သေနတ်တွေ ပစ်ဖောက်ပြီး ဝင်ရောက်စီးနင်းနေတာ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပဲ ရှောင်နေရတဲ့ရွာက ၅ ရွာလောက်တော့ရှိတယ်။ တိုက်ပွဲက အခုနံနက်ပိုင်းတော့ ငြိမ်သွားပြီး စစ်ခွေးတွေပဲ ရွာတွေကို လိုက်ပြီး စီးနင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ထားဝယ် နည်းပညာတက္ကသိုလ်နှင့် မောင်မယ်ရှောင်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားသောကြောင့် လေယာဉ်ဖြင့် ခုခံ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျေးရွာ ၁၄ ခုမှ ထောင်နှင့်ချီသောပြည်သူများ ၁ လကြာ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက် ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဇန်နဝါရီလပိုင်းမှ စတင်ပြီး ကောလင်းမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကျေးရွာ ၁၄ ခုမှ ထောင်နှင့်ချီသောပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း၊ ထိုသို့ စစ်ဘေးတိမ်းရှောင်နေရသည်မှာ လချီကြာမြင့်နေသောကြောင့် ပြည်သူများ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေခြင်းဖြစ်ကြောင်း သိရသည်။

“ကောလင်းဘက်က စစ်ရှောင်နေရတာက လနဲ့ ချီကြာပြီး တိုက်ပွဲတွေကြောင့်ကော စစ်ခွေးစစ် ကြောင်းတွေကြောင့်ကော ပြည်သူတွေရှောင်နေရတာပေါ့။ အခုလို အချိန်တော်တော်ကြာရှောင်နေရတော့ သူတို့ပါလာတဲ့ စားနပ်ရိက္ခာတွေက ကုန်သလောက်ဖြစ်နေတော့ အရေးပေါ် စားနပ်ရိက္ခာတွေ လိုအပ်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပြည်သူများနေထိုင်သော ကျေးရွာနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article